Home
မြန်မာသတင်း
တောင်ကြီးတွင် နိုဝင်ဘာလအတွင်း လူအယောက် ၁၀၀ ကျော် ပေါ်တာဆွဲခံရ
DVB
·
November 26, 2024
Photo: ဝေယံဦးကြည်

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ တန်ဆောင်တိုင် ကျင်းပခဲ့တဲ့ နိုဝင်ဘာ တလတာကာလအတွင်း ပေါ်တာဆွဲခံရသူ အယောက် ၁၀၀ ကျော် ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ညောင်ဖြူစခန်း၊ ရတနာသီရိ၊ စဝ်စံထွန်း၊ ရွှေတောင်၊ စိန်ပန်း၊ မင်္ဂလာဦး၊ ကံသာ၊ ကျောင်းကြီးစု၊ ဘုရားဖြူ စတဲ့ရပ်ကွက်တွေမှာ ညနက်တဲ့အချိန် မဟုတ်သေးဘဲ ပေါ်တာဆွဲတာတွေ ပြုလုပ်နေပြီး စုစုပေါင်း အယောက် ၁၄၀ ကျော်အထိ ပေါ်တာဆွဲခံရပါတယ်။

ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတယောက်က “တနေရာတည်းကနေ ၁၃ ယောက် ပေါ်တာဆွဲခံရတယ်၊ အဲဒီထဲမှာ လားရှိုးက စစ်ရှောင်တွေပါတယ်။ ပွဲမှာမဟုတ်ဘဲ တခြားနေရာတခုမှာ ဝိုင်းထိုင်ပြီး သောက်နေတဲ့အချိန် ပါသွားတာ” လို့ ပြောပါတယ်။

ပေါ်တာဆွဲခံရတဲ့အထဲမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ၊ လားရှိုးနဲ့ ကရင်နီဘက်က စစ်ရှောင်လာသူတွေ၊ ဒေသခံတွေအပြင် Non CDM တွေရဲ့ သားတွေလည်း ပါဝင်တယ်လို့ သိရကာ ပေါ်တာဆွဲခံရပြီး စာရင်းအနေနဲ့ မသိရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

တန်ဆောင်တိုင်ကာလမှာ ပေါ်တာဆွဲခံရသူတချို့က ငွေကြေးပေးပြီး ပြန်ရွေးလို့ရပေမဲ့ ပွဲရက်နောက်ပိုင်း ဖမ်းဆီးခံရသူတွေက ငွေကြေးပေးပြီး ပြန်ရွေးဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်မှုထမ်းသူတွေကို ထောက်ပံ့ဖို့အတွက် ဆိုပြီး ရပ်ကွက်တွေထဲမှာ ငွေကြေးကောက်ခံတာတွေလည်း ရှိနေကာ အိမ်အခြေအနေအပေါ် မူတည်ပြီး ငွေကျပ် ၅၀,၀၀၀ ကနေ ၁၀၀,၀၀၀ ကျပ် အမျိုးမျိုးကွဲပြားတယ်လို့ ဆိုပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “ဒီမှာ လာမတောင်းဘူး။ အစည်းအဝေးခေါ်ပြီးမှ တောင်းတာ၊ အိမ်အခြေအနေအပေါ် မူတည်ပြီးတော့ တောင်းတာ၊ ၅၀,၀၀၀ တို့ ၁၀၀,၀၀၀ တို့ ပေးရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က နေရာဒေသအနှံ့အပြားက လူငယ်လူရွယ်တွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာတွေအပြင် ပေါ်ပေါ်ထင်ထင် ပေါ်တာဆွဲတာတွေကိုလည်း ပြုလုပ်လာတာ ဖြစ်ပါတယ်။

စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့က လူငယ်လူရွယ် အမျိုးသား ၂၀,၀၀၀ ကျော်အထိ စစ်မှုထမ်းဖို့ စေလွှတ်ခံနေရပြီး ခုလက်ရှိမှာ စစ်မှုထမ်းအပတ်စဥ် ၇ အထိ ရှိလာပြီလို့ ပေါ်တာဆွဲခံရတာနဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာသူတွေကတဆင့် သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013