တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ တောလမ်းကတဆင့် ဧရာဝတီတိုင်းဘက် စစ်ဘေးရှောင်လာတဲ့ အရပ်သား အယောက် ၂၀ လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။
တောင်ကုတ်မြို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတွေက မြို့ကိစွန့်ခွာပြီး ရခိုင်ရိုးမကို ခြေလျင်ဖြတ်ကျော်ကာ ဧရာဝတီတိုင်းဘက်ကို ထွက်ပြေးလာရင်း ရေကြည်မြို့နယ်ကိုမရောက်မီ လမ်းခုလတ်တနေရာမှာ နိုဝင်ဘာ ၂၃ ရက်က ဖမ်းဆီးခံရတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ကလေးတွေလည်းပါတယ်။ မိသားစုတွေ စုပြီးလာကြတာ။ ဧရာဝတီဘက်အလာ ရေကြည်မြို့နယ်အနား မရောက်မီ ရခိုင်ရိုးမတောစပ်နား အဆင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းတွေနဲ့တွေ့ပြီး ဖမ်းဆီးခံလိုက်ရတာ” လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ တောင်ကုတ်မြို့က အသက် အသက် ၄၀ အရွယ် ကိုထူးလာ၊ ၃၀ ကျော်အရွယ် ဒေါ်ဆွေသန်း၊ ဒေါ်ညိုမ၊ ဒေါ်လဲ့လဲ့ အပါအဝင် ကလေး၊ လူကြီး၊ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း အယောက် ၂၀ ခန့်ဖြစ်ပြီး စစ်ကောင်စီတပ်က ဘယ်နေရာကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်က တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်က အသက် ၄၀ ဝန်းကျင် အမျိုးသမီးတယောက် ဧရာဝတီတိုင်းဘက်ကို စစ်ရှောင်လာရင်း ရခိုင်ရိုးမတောင်ပေါ်မှာ စစ်ကောင်စီတပ်နဲ့တိုးပြီး အဖမ်းခံရတဲ့အတွက် ကြောက်လန့် အမောဖောက်ပြီး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။
လက်ရှိမှာ တောင်ကုတ်မြို့အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၅)၊ ခမရ ၃၄၆၊ ၅၄၄ တပ်ရင်း အပါအဝင် တပ်စခန်းတွေကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေလို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။