Home
မြန်မာသတင်း
ရွှေသောင်ယံတွင် ရခိုင်စစ်ဘေးရှောင် ၅ ဦး ဖမ်းဆီးခံရ
DVB
·
November 25, 2024
Photo: Win Win

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ရွှေသောင်ယံကမ်းခြေနားမှာ ရခိုင်ပြည်နယ်ကလာတဲ့ စစ်ဘေးရှောင် ၅ ယောက်ကို နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အဖမ်းခံရတဲ့ ကောင်လေးတွေက ရခိုင်ပြည်နယ်က လာတာ။ စစ်ကောင်စီတပ်နဲ့ ရဲတွေက ကင်းလှည့်လာရင်း မသင်္ကာလို့ ဖမ်းတာ။ ဝင်းဇော် ဆိုတဲ့ ကောင်လေး အပါအဝင် ၅ ယောက်ပါ။ ကောင်လေးတွေက အာဏာပိုင်တွေကို သူတို့ဟာ စစ်ရှောင်တွေပါ ဆိုပြီး အထောက်အထားပြတာ မရဘူး။ ရခိုင်မှတ်ပုံတင် တွေ့တာနဲ့ ဖမ်းတာ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ ၅ ယောက်ဟာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကနေ တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် လူငယ်တွေ ဖြစ်ပြီး  အသက် ၁၉ နှစ်ဝန်းကျင် လူငယ်အမျိုးသား ၂ ယောက်နဲ့ အသက် ၂၀ ကျော် အမျိုးသား ၃ ယောက်ဖြစ်ပါတယ်။

ဧရာဝတီတိုင်းထဲကို စစ်ဘေးရှောင်တွေနဲ့ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဝင်မလာစေဖို့ ဆိုပြီး ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံမြို့နားက အဝင်အထွက်ဂိတ်တွေနဲ့ ကမ်းခြေတွေမှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက်ကလည်း ဂွမြို့နယ်ကနေ စစ်ရှောင်လာသူ ၅ ယောက်ကို ရေကြည်မြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၁၂ ရက်လည်း ရခိုင်ပြည်နယ်ကနေလာတဲ့ စစ်ဘေးရှောင် ၃ ယောက်ကို AA တပ်ဖွဲ့ဝင်ဆိုပြီး ဖမ်းဆီးခဲ့သေးသလို တချို့ကိုတော့ ထောင်ချထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ AA ရဲ့ ထိုးစစ်ကို အလူးအလဲခံနေရတဲ့ စစ်ကောင်စီဟာ ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲကို တော်လှန်ရေးတပ်တွေ ရောက်မလာစေဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေပြီး ရခိုင်ရိုးမဝန်းကျင်မှာ စစ်ကြောင်းထိုး နယ်မြေရှင်းတာတွေလည်း လုပ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013