စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် ကုက္ကိုလ်ကုန်းတိုက်နယ်ဆေးရုံမှာ စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲထားပြီး စစ်ကြောင်းထိုးမီးရှို့တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ကန့်ဘလူ ဒေသခံတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့ကတည်းက ကျွန်းလှမြို့ပေါ်က စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၂၀၀ ကျော်ဟာ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကုက္ကိုလ်ကုန်းတိုက်နယ်ဆေးရုံမှာ အထိုင်ချတပ်စွဲခဲ့တာဖြစ်ပါတယ်။
စစ်ကြောင်းစဝင်လာတဲ့နေ့ကစပြီး နိုဝင်ဘာ ၂၃ ရက်အထိ ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာ၊ ဟောင်ဝစ်ဇာပစ်ကူပေးတာနဲ့ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်တွေပေါ်ကပစ္စည်းတွေကိုလည်း သိမ်းယူသွားတယ်လို့ သိရပါတယ်။
ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက “ခမရ ၃၆၁ က တပ်တွေနဲ့ ကန့်ဘလူ၊ ကျွန်းလှဘက်က ပျူတွေပေါင်းပြီးထိုးတာပေါ့နော်။ ကုက္ကိုလ်ကုန်းရွာကို မဝင်ခင်ကတည်းက ရွာတွေကို ဗုံးသီးချတယ်။ အခုချိန်ထိလည်း တိုက်နယ်ဆေးရုံမှာ တပ်စွဲထားတယ်ပေါ့နော်။ ရွာတွေကို မီးရှို့ပြီးမှ ပစ္စည်းတွေကို ကံပေါက်ရွာ ပျူအထိုင်ကို ကဲ့ယူနေတယ်။ ၂၃ ရက်နေ့ညနေအထိ လွှတ်တိုက်နဲ့ မဒေါင်ကို မီးရှို့နေတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၂၀ ရက်နေ့ကစပြီး နိုဝင်ဘာ ၂၄ ရက် နေ့လယ် ၁၂ နာရီခွဲအထိ ကျွန်းလှမြို့နယ်ကို လေကြောင်းကနေ တိုက်ခိုက်နေသလို စစ်ကြောင်းကြောင့် တကုန်း၊ ကုက္ကိုလ်ကုန်း၊ သံပုရာပင်စု၊ မြဘုံသာ၊ လွှတ်တိုက်၊ မဒေါင်၊ ဆွဲလှဲရွာ အပါအဝင် ကျေးရွာပေါင်း ၁၁ ရွာက ပြည်သူ ၁ သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့မနက်ပိုင်းကလည်း ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းက ဇီးကုန်းသကြားစက်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တဲ့အတွက် ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူပြီး ခရီးသွားပြည်သူ ၄ ယောက် သေဆုံး၊ ပြည်သူ ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။