မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ နိုဝင်ဘာ ၂၂ ရက်နေ့က စစ်ကောင်စီတပ် လေကြောင်းကနေ တိုက်ခိုက်လို့ ဒေသခံအမျိုးသား ၂ ယောက် သေဆုံးခဲ့သလို ဗုံးဒဏ်ခံရသူတွေဟာ မူးဝေအော့အန်တဲ့ ဝေဒနာခံစားခဲ့ရတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ရောင်နီနွေဦးအဖွဲ့ဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာ ၂ စီးနဲ့ နိုဝင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းမှာ မတ္တရာမြို့နယ်အနောက်ခြမ်းက စိန်ပန်းကုန်းကျွန်းရွာ၊ တောပုကျေးရွာနဲ့ သဲကျွန်းကျေးရွာကြားကို ပေါင် ၅၀၀ ဗုံး ၄ လုံး၊ ပေါင် ၂၀၀ ဗုံး ၇ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မတ္တရာမြို့နယ် ပကဖအဖွဲ့ရဲ့ ဆေးအဖွဲ့ခေါင်းဆောင်က “အဲဒီဗုံးတွေထဲမှာ ဓာတုဗုံးတွေ ပါတယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုံးကြဲခံရပြီးတော့ တနေ့လုံးနဲ့တညလုံးလောက် ရဲဘော်တွေ မူးဝေပြီး အန်ကြတယ်။ ရဲဘော် ၂၀ ကျော်လောက် မျက်လုံးတွေပြာပြီး အသက်ရှူလို့မဝတာတွေ ဖြစ်ကြတယ်။ ခြေတွေလက်တွေလည်း လှုပ်မရကြဘူး။ ရေသောက်ရင် ပိုဆိုးတယ်ပြောတယ်။ မူးဝေအော့အန်တဲ့ ရဲဘော်တွေကို ကျနော်တို့ဆေးအဖွဲ့အနေနဲ့ ကိုကာကိုလာအချိုရည်နဲ့ မျက်နှာသစ်ပေးတာတို့၊ ကိုကာကိုလာတိုက်တာတို့ လုပ်ပေးတယ်။ အဲဒါ အလွယ်ကူဆုံး ကုသနည်းပဲ။ ဗုံးကြဲခံရတဲ့ရွာတွေက ပြည်သူတချို့လည်း အဲလိုတွေ ခံစားကြရတယ်လို့သိရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မတ္ထရာမြို့နယ်အနောက်ခြမ်းကကျေးရွာတွေကို နိုဝင်ဘာ ၉ ရက်ကစလို့ စစ်ကြောင်းထိုးခဲ့ဝင်ရောက်စီးနင်းပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေသလို လေကြောင်းကနေလည်း နေ့တိုင်းလိုလို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူသောင်းချီပြီး နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ရောင်နီနွေဦးအဖွဲ့ဆီကနေ သိရပါတယ်။
စစ်ဘေးရှောင်အရေးကူညီပေးနေသူတယောက်က “စိန်ပန်းကုန်းရွာက အသက် ၄၀ လောက်ရှိတဲ့ အမျိုးသား ၂ ယောက်သေတယ်။ ကလေးငယ် ၁ ယောက်နဲ့ ရွာခံ ၂ ယောက် ထိခိုက်ဒဏ်ရတယ်။ အဲဒီ ၃ ယောက်ထဲက ကလေးတစ်ယောက်က ခန္ဓာကိုယ်အနှံ့ပဲ။ အမျိုးသမီး ၁ ယောက်က ပေါင်ကိုမှန်တယ်။ အမျိုးသား ၁ ယောက်က ခြေထောက်ထိတယ်။ စိန်ပန်းကုန်းရွာဝန်းကျင်က ရွာခံ ၁၀၀ နီးပါး လောက်လည်း မူးဝေအော့အန်တဲ့ဝေဒနာခံစားခဲ့ရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ အရပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေကို လေကြောင်းကနေတိုက်ခိုက်ရာမှာ ဓာတုဗုံးတွေကြဲတယ်လို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ပြောဆိုတာတွေရှိခဲ့ပြီး အခု မတ္တရာမြို့နယ်အတွင်း ဓာတုဗုံးပါဝင်တယ်ဆိုတာကို DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။