Home
ရုပ်သံ
မြင်းခြံနှင့် မတ္တရာနယ်မြေကို စစ်တပ်ကပြန်ထိန်းချုပ်ရန် ကြိုးစားနေ
DVB
·
November 24, 2024

မန္တလေးတိုင်း၊ မြင်းခြံနဲ့ မတ္တရာနယ်တွေမှာ စစ်ကောင်စီက မြေပြင်စစ်ကြောင်းတွေ ဖြန့်ချပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေသလို မြင်းခြံမြို့နယ်နဲ့ကပ်လျက် မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာလည်း စစ်ကောင်စီအခြေစိုက်စခန်းတွေကနေ ကျေးရွာတွေဘက်ကို နေ့စဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မြင်းခြံမြို့နယ်အရှေ့ဘက် ၄ မိုင်ဝန်းကျင်အကွာ သဲတောရွာဘက်မှာ စစ်ကြောင်းတခု၊ ကွမ်းစိုက်ကျေးရွာဘက်မှာ စစ်ကြောင်းတခု စုစုပေါင်းစစ်ကြောင်း ၂ ခုနဲ့ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ မန္တလေးဒေသခံ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။ 

ကျေးရွာတွေမှာ စစ်ကြောင်းထိုးနေတာကြောင့် PDF တွေက နိုဝင်ဘာ ၂၀ ရက် ညမှာ မြင်းခြံမြို့ပေါ်က ထွေအုပ်ရုံးနဲ့ စစ်သားတွေစခန်းချထားတဲ့ မြင်းခြံဟိုတယ်တို့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့ပေမဲ့  အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 

မန္တလေးမြို့နဲ့ကပ်လျက် မတ္တရာမြို့နယ်မှာတော့ စစ်ကြောင်း ၃ ခုနဲ့ ကျေးရွာတွေမှာလှည့်ပတ်ပြီး စစ်ကောင်စီတပ်က နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ 

မတ္တရာ အနောက်မြောက်ခြမ်း ဥဒိန်ရွာမှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ အခြေပြုထားပြီး မတ္တရာမြို့နယ်တောင်ဘက် အောက်အင်းကျေးရွာအပါအဝင် ကျေးရွာ ၁၄ ရွာတန်းဘက်ကို မတ္တရာမြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ မတ္တရာ PDF တာဝန်ရှိသူ ဦးတိုးက ပြောပါတယ်။ 

သပိတ်ကျင်းမြို့နယ် ကျောက်ကြီး-အုန်းနှဲကူးကျေးရွာတွေဘက်မှာ နေ့စဉ် နှစ်ဖက်ထိတွေ့မှုတွေရှိနေပြီး စဉ့်ကူးမြို့နယ်မှာတော့ စစ်ကောင်စီဘက်က လှပ်ရှားမှု လုံးဝမရှိဘဲ PDF တွေက ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။

မတ္တရာ PDF တာဝန်ရှိသူ ဦးတိုးက “၁၀၂၇ စစ်ဆင်ရေးက  ခဏအေးသွားတယ်လို့ ပြောလို့ရပေမဲ့ ရပ်ဆိုင်းသွားတာမဟုတ်ဘူး။ ရှမ်း-မန်း စစ်ဆင်ရေးဆိုတာလည်း သူ့ဘာသူ ဆက်လက်ရှိနေဆဲ ဖြစ်တယ်။ ဒီဘက်မှာ နောက်ထပ်စစ်ဆင်ရေးတွေ ထပ်ပြီး ဖော်ဆောင်တာတွေလည်း ရှိတယ်။ ကြေညာချက်ထုတ်ခြင်း မထုတ်ခြင်းဘဲ ကွာတယ်။ အခုနောက်ပိုင်းကျမှ ဒီဘက်ကိုပို ပြီးဖိလာတာလားဆိုတဲ့ဥစ္စာက နည်းနည်းပြောဖို့ စောနေသေးတယ်ဗျ ကျနော့်ဘက်က။ မန်းတိုင်းအတွင်းမှာတော့ ပိုမိုပြင်းထန်တဲ့ အခြေအနေမျိုးတွေ ရင်ဆိုင်လာရနိုင်ပါတယ်။ လပခ နဲ့ ပတ်သက်လို့ရှိရင်တော့ အရှေ့မှာ အဆင့်ဆင့်ပြုတ်ထားတဲ့ ၃ ကောင်ရှိတယ်။ အခု နောက်ဆုံးတကောင်ကတော့ နည်းနည်းတည်မြဲနေသေးတယ်။ ဒါပေမဲ့ မရပါဘူးလို့၊ လပခက အချိန်တန်ရင် ပြုတ်မှာပါလို့၊ လပခ လက်ရှိတိုင်းမှူးကိုတော့ အဲဒီလိုလေး ပြောချင်တယ်။ တိုက်ပွဲထဲကို ကိုယ်တိုင်ဆင်းခဲ့ပါလို့” လို့ ပြောပါတယ်။

တရုတ်အစိုးရရဲ့ ဖိအားပေးမှုတချို့ကြောင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း အရှိန်တန့်သွားပြီးနောက်မှာ စစ်ကောင်စီဘက်က နယ်မြေထိန်းချုပ်ဖို့ ပြန်ကြိုးစားနေတာပါ။ 

မြောက်ပိုင်းမဟာမိတ်တွေ အရှိန်တန့်သွားပေမယ့် ဒေသတွင်း PDF တွေက သိမ်းပိုက်ထားတဲ့ စခန်းတွေကို ပြန်လက်မလွှတ်ဘဲ ဆက်ထိန်းထားဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နဲ့ကပ်လျက် မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာတော့ မြေပြင်နေရာအများစုကို PDF တွေက ထိန်းချုပ်ထားတာပါ။ 

မကွေးတိုင်းဘက်က PDF တွေနဲ့ မန္တလေးတိုင်းထဲက PDF တွေ ချိတ်ဆက်လို့မရအောင် မြင်းခြံမြို့နယ်ထဲမှာ စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးပြီး နယ်မြေထိန်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ 

မြင်းခြံမြို့နယ်ဟာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့ နယ်မြေထိစပ်ရာနေရာဖြစ်ပြီး ဒေသတွင်း PDF တွေ မန္တလေးမြို့ပေါ်ကို ကျွံဝင်မလာနိုင်အောင် စစ်ကောင်စီက ပိတ်ဆို့ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

မကွေးဒေသခံ နိုင်ငံရေးသမားတယောက်က “ရေစကြို၊ ဆိပ်ဖြူ၊ ပေါက်၊ မြိုင်ပေါ့ ကျနော်တို့ ပခုက္ကူခရိုင်မှာတော့ လောလောဆယ် စစ်ကြောင်းထိုးတာတော့မရှိဘူး။ ဒါပေမဲ့ အထိုင်တပ်တွေ အထိုင်စခန်းတွေကနေပြီးတော့မှ နေ့စဉ်လိုလိုတော့ လက်နက်ကြီးတွေနဲ့ ပစ်နေတာတွေတော့ ရှိတယ်။ ဗျူဟာကတော့ ကပစ တွေမှာ သူတို့ ထိုင်ထားတယ်၊ ပခုက္ကူတပ်မမှာလည်း အထိုင်ရှိတယ်။ နောက်ပြီးတော့ ကြားထဲမှာလည်း ပျူရွာတွေက များသောအားဖြင့်တော့ ပုသိမ်-မုံရွာလမ်းဆုံရွာတွေပေါ့၊ ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင်မှာ ကပစ ၅ ခုရှိတယ်။ ဆိပ်ဖြူမှာကျတော့ လေကြောင်းရန်ကာကွယ်ရေးတပ်တခု ရှိတယ်။ ကျောက်စုမှာကျတော့ စစ်တပ်ပိုင် လေယာဉ်ကွင်းရှိတယ်။ အဲဒီလေယာဉ်ကွင်းမှာ အမြောက်တပ်လည်း ထိုင်ထားတယ်။ ဒီတပ်အထိုင်တွေကို PDF တွေက ဝိုင်းထားနိုင်တဲ့ အနေအထားဆိုတဲ့အခါကျတော့ သူတော့ကတော့ အရပ် ၈ မျက်နှာကို လှည့်ပတ်ပြီးတော့ လက်နက်ကြီးနဲ့ ပစ်တာတို့ အခုနောက်ပိုင်းမှာ ဒရုန်းတွေနဲ့ပါ ချတာတို့ ဘာတို့ဖြစ်တော့ ဖြစ်နေတယ်” လို့ ပြောပါတယ်။

မန္တလေးမြို့ ပတ်ချာလည်မှာရှိနေတဲ့ စစ်ကိုင်းတိုင်းထဲက မုံရွာ၊ ချောင်းဦး၊ ရွှေဘို၊ ပုလဲမြို့နယ်တွေအားလုံးမှာ PDF တွေ အားကောင်းနေပြီး၊ မကွေးတိုင်း ပခုက္ကူခရိုင်ထဲက  မြိုင်နဲ့ပေါက်မြို့နယ်တွေမှာလည်း PDF တွေ အားကောင်းနေတာပါ။ 

မန္တလေးတိုင်းအတွင်းမှာကို မန္တလေးမြို့နဲ့ကပ်လျက် မတ္တရာ၊ ပြင်ဦးလွင်၊ မြင်းခြံမြို့နယ်တွေအထိ စစ်ကောင်စီကို PDF တွေက အနီးကပ် ဖိအားပေး တိုက်ခိုက်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ 

မန္တလေးမြို့ကို ထိန်းနိုင်ဖို့နဲ့ ဆုံးရှုံးထားတဲ့ စခန်းတွေကို ပြန်ရဖို့ စစ်ကောင်စီက လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေကိုပဲ အဓိကထားအသုံးပြုနေရတာဖြစ်ပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024