ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်ကဖမ်းဆီးထားတဲ့ ပူချယ်ရွာနဲ့ ကုန်းဆုံရွာသား အယောက် ၂၄၀ ကျော်ထဲက အမျိုးသားတွေကို ပြန်မလွှတ်ပေးသေးဘူးလို့ ဖမ်းဆီးခံရသူနဲ့ ဆွေမျိုးတော်စပ်သူဆီက သိရပါတယ်။
ဒေသခံတောင်သူတွေနဲ့ စစ်ဘေးရှောင် အယောက် ၂၄၀ ကျော်ကို နိုဝင်ဘာ ၁၁ ရက်မှာ စစ်ကောင်စီတပ်က စစ်ကား ၇ စီးနဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ပင်လောင်းအားကစားရုံထဲမှာ ထိန်းသိမ်းထားခဲ့တာ ၁၀ ရက်ကျော်ရှိနေပြီ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေက အမျိုးသမီး ၁၀၆ ယောက်နဲ့ အမျိုးသား ၁၃၈ ယောက်တို့ဖြစ်ပြီး အမျိုးသမီး ၁၀၀ ကျော်ကို ပြန်လွှတ်ပေးမယ်လို့ နိုဝင်ဘာ ၂၀ ရက်က ကြားသိရပြီး နေအိမ်ကို ကောင်းမွန်စွာ ပြန်ရောက်မရောက်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရသူတယောက်ရဲ့ မောင်ဖြစ်သူက “ခုက အမျိုးသမီးတွေကို ပြန်လွှတ်ပြီး အမျိုးသားတွေကို စစ်မှုထမ်းခိုင်းမယ်လို့ ကြားတယ်။ အစ်မတော့ ခုထိ ပြန်မရောက်သေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လော်ဘီတွေက ဖယ်ခုံမြို့မှာ ပြည်သူတွေ စိတ်အေးအေးနဲ့ ပြန်နေလို့ရပြီလို့ စည်းရုံးခေါ်ဆောင်နေပေမဲ့ တဖက်မှာလည်း တောင်ယာလုပ်တဲ့ ပြည်သူကိုတော့ ပြန်လွှတ်ပေးတာမရှိဘဲ လူသားဒိုင်းပြုလုပ်ဖို့ ကြံရွယ်တာဖြစ်တယ်လို့ ဒေသကနေ စစ်ရှောင်နေကြတဲ့သူတွေက ပြော ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ မြေမြှုပ်မိုင်းအန္တရာယ်တွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခံထားရတာတွေနဲ့ လူသားဒိုင်း ပြုလုပ်နိုင်တာတွေကြောင့် ပြည်သူတွေ နေရပ်မပြန်ရဲသေးဘူးလို့ သိရပြီး တော်လှန်ရေးအင်အားစုတွေကလည်း နေရပ်မပြန်ကြသေးဖို့ တိုက်တွန်းထားပါတယ်။