Home
မြန်မာသတင်း
ဆီဆိုင်နှင့် ကျွန်းလှမြို့တို့ကို စစ်တပ်က ဗုံးကြဲပြီး ထိုးစစ်ဆင်၊ ပုလဲမြို့ နေအိမ်များကို မီးရှို့
DVB
·
November 20, 2024
Photo: ရေကြီးမှုကြောင့် တံတားပျက်စီးမှုကို ပြန်ပြုပြင်နေစဉ် (ပုံဟောင်း)

စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက ဆီဆိုင်မြို့နယ်က ပွန်ချောင်းတံတားကို ဒီနေ့ နိုဝင်ဘာ ၂၀ ရက် မနက်မှာ လေကြောင်းကနေ ဗုံးကြဲပြီး ထိုးစစ်ဆင်လာတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ထုတ်ပြန်ပါတယ်။

ဒီနေ့မနက် ၁၀ နာရီခွဲက PNLO ထိန်းချုပ်နယ်မြေအတွင်းရှိ အများပြည်သူ အသုံးပြုနေတဲ့ ဆိုက်ခေါင်-ဟိုနမ် ပွန်ချောင်းတံတားကို လေကြောင်းကနေ ၃ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

PNLO ရဲ့ ပြန်ကြားရေးတာဝန်ရှိသူတယောက်က “မြေပြင်အခြေအနေ အသေးစိတ် မသိရသေးပါဘူး။ အဓိကကတော့ ကျနော်တို့ရှိနေတဲ့ နေရာတွေကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက ဟိုနမ်-ပွန်ချောင်း အနီးနားကို ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပွန်ချောင်းတံတားဟာ စက်တင်ဘာလ ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့အတွက် PNLO ရဲ့ ဗဟိုဒေသန္တရအုပ်ချုပ်ရေးဌာနက ပြန်လည်ပြုပြင်ထားပြီး ခုတကြိမ်မှာတော့ စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီတံတားဟာ ဒေသခံပြည်သူတွေ ကုန်စည်စီးဆင်းရာအတွက် အရေးပါတဲ့တံတားဖြစ်ပြီး ဗုံးကြဲခံရမှုကြောင့် တံတားထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီနဲ့ PNO ပြည်သူစစ်တွေက အကြောင်းရင်းမရှိဘဲ ထိုးစစ်ဆင် ဝင်ရောက်လာပြီး လက်ရှိအချိန်အထိ စစ်အင်အားတွေဖြည့်တင်းကာ PNLO နယ်မြေထဲ ထိုးဖောက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကံပေါက်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၂၀၀ ကျော်က နိုဝင်ဘာ ၂၀ ရက် မနက် ၈ နာရီခွဲလောက်မှာ စစ်ကြောင်းစထိုးလာတာကြောင့် ဒေသခံတွေ အရေးပေါ် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ကျွန်းလှဒေသခံတယောက်က “အခု ကံပေါက်ရွာ မြောက်ဘက်ကို စစ်ကြောင်းက ဦးတည်နေပါတယ်ဗျ။ သူတို့က စစ်ကြောင်းအရှေ့ကနေ ဒရုန်းယာဉ်တွေ လွှတ်ပြီး ဗုံးသီးချ တိုက်တာတွေလည်း ပြုလုပ်တယ်ဗျ။ အဲဒီလိုပြုလုပ်နေလို တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စုနဲ့ မြဘုံသာရွာမှ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်” လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးကို အကြောင်းပြပြီး အရပ်သားပြည်သူတွေနဲ့ ကျေးရွာတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

“သူတို့ကဗျာ ဒီနေ့ ကျွန်းလှမြို့ကနေ မနက်ခင်း ၄ နာရီခွဲလောက်က‌‌စပြီး ကံပေါက် ပျူရွာကို ကားတွေနဲ့လာပြီးတော့ ကျနော်တို့တွေဆီကို လက်နက်ကြီးတွေနဲ့ရော၊ ဒရုန်းတွေနဲ့ ဗုံးသီးချ ပစ်ခတ် ဝင်ရာက်နေတာဗျ။ ကျနော်တို့ကတော့ ရွာထဲကနေ ကနဦးဆုံး တိမ်းရှာင်လာခဲ့တယ်။ ရွာထဲမှာတော့ ဘာတွေဖြစ်ပြီဆိုတာကတော့ မသိရသေးဘူး။ သူတို့က ရွာကိုလည်း မီးရှို့တယ်၊ လူတွေ့ရင်လည်း သတ်တယ်ဗျ။ ဒီခေတ်ဆိုးကြီး မြန်မြန်ငြိမ်းချမ်းပါစေလို့ပဲ ဆုတောင်းနေမိတယ်။ ကိုယ့်အလုပ်လည်း မလုပ်ရဘဲ ကျီးလန့်စာ စား‌နေရတယ်” လို့ ဒေသခံက ပြောပါတယ်။

ကျွန်းလှမြို့နယ်အတွင်း စစ်ကောင်စီတပ်က အခု နိုဝင်ဘာလအတွင်းမှာ မြေပြင်စစ်ကြောင်းရော၊ လေကြောင်းကရော တိုက်ခိုက်နေတာကြောင့် ရွာကုန်းကြီးရွာက လူနေအိမ် ၂ လုံးနဲ့ လိပ်ဆင်း တောင်ရွာက ကားဝပ်ရှော့မှ ကား ၃ စီး မီးလောင်ပြီး ပြည်သူတယောက် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ရှိနေပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်က စစ်ကောင်စီတပ်တွေဟာ ပုလဲမြို့တွင်းက ပြည်သူ‌နေအိမ်တွေကို နိုဝင်ဘာ ၂၀ ရက် နေ့ခင်း ၁၁ နာရီခွဲကစပြီး မီးရှို့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပုလဲမြို့ပေါ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းကစပြီး နိုဝင်ဘာ ၁၄ ရက်အထိ ၄ ရက်ဆက်တိုက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်တာ ရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာ ဘာတိုက်ပွဲမှ မရှိဘဲ မြို့တွင်းက ပြည်သူနေအိမ်တွေကို အကြောင်းမဲ့ မီးရှို့နေတာလို့ ဆိုပါတယ်။

ပုလဲမြို့ကနေ စစ်ဘေးရှောင်လာသူတယောက်က “တိုက်ပွဲက နိုဝင်ဘာ ၁၄ ရက်နေ့ကတည်းက ပြီးတာပါ။ အခုဟာက အလကားသက်သက်ကို လူနေအိမ်တွေ မီးရှို့နေတာ။ ကျနော်တို့ အဝေးကနေ လှမ်းမြင်နေရတာက မြို့ဦးရပ်ကွက်ထဲက ပြည်သူနေအိမ်တွေကို ဖြစ်ဖို့များမယ်ဗျ။ သတင်းအတိအကျကတော့ မြို့ထဲမှာ ပြည်သူတယောက်မှမရှိတာ့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ပုလဲမြို့ပေါ်က ပြည်သူနေအိမ်တွေကို နိုဝင်ဘာ ၁၅ ရက်ကလည်း  တနေကုန် မီးရှို့ခဲ့သလို အခု နိုဝင်ဘာ ၂၀ ရက်မှာလည်း ဆက်လက် မီးရှို့နေတယ်လို့ သိရပါတယ်။

မြို့ခံ ပြည်သူတယောက်က “စစ်တပ်ကတော့ မြို့ပေါ်မှာရှိတဲ့ လူနေအိမ်တွေက ပစ္စည်းတွေကို သူတို့လိုအပ်တဲ့ ပစ္စည်းမှန်သမျှ အကုန်လုံးသယ်ယူပြီး အိမ်တွေ မီးရှို့နေကြတာဗျ။ ကျနော်တို့သိရသ‌လောက်ကတော့ မီးရှို့အိမ်ခြေ အနည်းဆုံး ၁၀၀ အထက်မှာပဲ ရှိလိမ့်မယ်ဗျ။ မြေပြင်တိုက်ပွဲတော့ မရှိတော့ဘူးရယ်၊ ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာလောက်ပဲ ရှိတယ်” လို့ ပြောပါတယ်။

ပုလဲမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတဲ့အချိန်ကစပြီး မြို့ခံပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်ရတာ ဒီနေ့အထိ ရက်သတ္တပတ်နီးပါး ရှိလာတဲ့အတွက် စားဝတ်နေရေး အခက်အခဲ ရှိလာတယ်လို့လည်း သိရပါတယ်။

ပုလဲမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဦးကျော်စိုးဝင်းက “ဒီကောင်တွေ ယုတ်မာတာကတော့ အတိုင်းမရှိ ယုတ်မာနေတာ။ သူတို့ကို တိုက်တာက မြို့ပေါ်ကလူတွေက တိုက်တာမဟုတ်ဘူး‌လေ။ ဘာဆိုင်လို့ မြို့ကို မီးရှို့ ဖျက်ဆီးနေကြတာလဲ။ ဒီလိုလုပ်တာကြီးကတော့ လုံးဝ ယောကျ်ားမဆန်တဲ့လုပ်ရပ်ပါ” လို့ ပြောပါတယ်။

ပုလဲမြို့ပေါ်က စစ်ကောင်စီအထိုင်စခန်းတွေကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၁ ရက်ကစလို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် ၄ ရက်အထိ ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အကြိမ် ၇၀ နီးပါး ပစ်ခတ်ခဲ့ပြီး  စစ်ကောင်စီဘက်က စစ်သုံ့ပန်း ၂၅ ယောက် ဖမ်းဆီးရမိခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ယောက် ကျဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း ဗမာအမျိုးသားတော်လှန်ရေးတပ် BNRA က သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024