တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးဘက်မှာ ဘေးတွဲဆိုင်ကယ်မောင်းနှင်လာတဲ့ အရပ်သား ၂ ယောက်ကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ဝိုင်းပစ်ခတ်တာကြောင့် တယောက် သေဆုံးကာ တယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၈ ရက် မနက် ၉ နာရီလောက်က တနင်္သာရီမြို့နယ်ကနေ ကုန်ပစ္စည်းလာတဲ့ ဘေးတွဲဆိုင်ကယ်တစီးကို တုံးဗျောကြီးရွာမှာ ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
သေဆုံးသူအမျိုးသားဟာ တကူကျေးရွာက အသက် ၂၀ ကျော်အရွယ်ရှိ ကိုနေထင်လင်း ဖြစ်ပြီး သူနဲ့ အတူလိုက်ပါလာတဲ့ နောက်ထပ်တကူရွာ အမျိုးသားတယောက်ရဲ့ပေါင်ကိုလည်း ကျည်ထိမှန်ခဲ့ကာ အသက်အန္တရာယ်မရှိဘူးလို့ တုံးဗျောရွာဒေသခံက ပြောပါတယ်။
“မနေ့က တကူကနေ ပစ္စည်းဝယ်ဖို့ လာကြတယ်။ တုံးဗျောကြီးလမ်းက စစ်တပ်နဲ့တွေ့ပြီး ပစ်ခံထိတယ်။ သူတို့ကပစ္စည်းတိုက်ပေးနေတာ၊ တယောက် သေသွားတယ်။ တယောက်က ဒဏ်ရာရသွားတယ်။”
စစ်ကောင်စီတပ်သားတွေက မြိတ်-တနင်္သာရီကားလမ်းပေါ်ကို နိုဝင်ဘာ ၁၅ ရက် လောက်က အင်အားအများအပြားနဲ့ ရောက်ရှိနေပြီး နယ်မြေဖြန့် သွားလာလှုပ်ရှားနေတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျည်ထိမှန်ဒဏ်ရာရတဲ့ အမျိုးသားတယောက်ကိုတော့ မြိတ်ဆေးရုံမှာဆေးကုသပေးနေပြီး သေဆုံးသူ ကိုနေထင်လင်းရဲ့ ရုပ်အလောင်းကိုတော့ တကူကျေးရွာကို ပြန်ယူဆောင်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၄ ရက် မနက်ကလည်း မြိတ်မြို့ တုံးဗျောရွာဘက်မှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ သားအဖနှစ်ယောက် ခမရ ၅၅၆ တပ်ရင်းက ပစ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး သားဖြစ်သူသေဆုံးကာ ဖခင်ဖြစ်သူ ဒဏ်ရာရပြီး မြိတ်ဆေးရုံပို့ဆောင်လိုက်ရ ပါတယ်။