Home
နိုင်ငံတကာ
တရားမဝင်ရွှေ့ပြောင်းများ နှင်ထုတ်ရန် စစ်တပ် သုံးမည်ဟု ထရမ့်ပ် အတည်ပြု
DVB
·
November 19, 2024
Photo: Reuters/Callaghan O'hare

အမေရိကန်နိုင်ငံထဲမှာ တရားဝင်ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နှင်ထုတ်ဖို့ အမျိုးသားအရေးပေါ်အခြေအနေ ကြေညာပြီး စစ်တပ်ကို အသုံးပြုသွားမယ်ဆိုတဲ့ သတင်းကို မှန်ကန်ကြောင်း ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုပါတယ်။ 

သူသာ သမ္မတဖြစ်လာရင် အမေရိကန်သမိုင်းမှာ အကြီးကျယ်ဆုံး ရွှေ့ပြောင်းနှင်ထုတ်မှုကြီးလုပ်ဖို့ ထရမ့်ပ် ကတိပေးထားခဲ့တာဖြစ်ပါတယ်။ 

နောက်တက်မယ့် အစိုးရသစ်ဟာ အရေးပေါ်ကြေညာပြီး စစ်ဘက်ကို အသုံးပြု ရွှေ့ပြောင်းနှင်ထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းရကြောင်း Judicial Watch အဖွဲ့က  တွမ်ဖစ်တွန်ကလူမှုကွန်ရက်မှာ ရေးတင်ခဲ့တာဖြစ်ပါတယ်။ 

အဲဒီ ပို့စ်နဲ့ ပတ်သက်ပြီး ထရမ့်ပ်က "မှန်ကန်တယ် (TRUE!!!!)” လို့  ရေးသား တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ပထမဆုံးနေ့မှာတင် ရာဇဝတ်ကောင်တွေကို ဖယ်ရှားဖို့ အမေရိကန်သမိုင်းမှာ အကြီးကျယ်ဆုံးနှင်ထုတ်တဲ့ အစီအစဉ်ကို အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ထရမ့်ပ်က ရွေးကောက်ပွဲမဲဆွယ်ကာလ ၊ မက်ဒီဆင်စကွဲရ်ဂါးဒန်းမှာ  မိန့်ခွန့်ပြောချိန်ထည့်ပြောခဲ့ပါတယ်။ 

ကျူးကျော်ခံနေရ၊ သိမ်းပိုက်ခံနေရတဲ့ မြို့တိုင်းကို ကယ်တင်မှာဖြစ်ပြီး ဒီ ဆိုးယုတ်တဲ့၊ သွေးဆာနေတဲ့ ရာဇဝတ်ကောင်တွေကို ထောင်ထဲထည့်၊ တိုင်းပြည်ကနေ မြန်နိုင်သမျှ မြန်မြန် နှင်ထုတ်မှာဖြစ်တယ်လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။ 

အစိုးရအဖွဲ့တွေမှာလည်း ရွှေ့ပြောင်းအရေး သဘောထားတင်းမာတဲ့ သူတွေကို အဓိက နေရာတွေ လျာထားပါတယ်။

တောင်ဒါကိုတာ အုပ်ချုပ်ရေးမှူး ခရစ္စတီး နိုအမ်ကို အမိမြေလုံခြုံရေးဝန်ကြီး၊ အကောက်ခွန်ညွှန်မှူး တွမ် ဟိုးမန်းကို နယ်စပ်ရေးရာ အကြီးအကဲရာထူးတွေ လျာထားပါတယ်။ 

အမေရိကန်မှာ တရားဝင်ရွှေ့ပြောင်းအဆင့်အတန်းမရှိဘဲ နေထိုင်နေသူ ၁၁ သန်းလောက်ရှိတယ်လို့ ခန့်မှန်းပါတယ်။ 

ဒီလောက်လူအများကြီးကို နှင်ထုတ်ဖို့ဆိုရင် ဒေါ်လာဘီလီယံချီ ကုန်ကျနိုင်သလို စီးပွားရေးအရလည်း ဆုံးရှုံးမှုတွေရှိနိုင်ပြီး အခွန်ဝင်ငွေနဲ့ အလုပ်သမားပြတ်လပ်မှု ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

အထူးသဖြင့် စိုက်ပျိုးရေးနယ်ပယ်မှာ သက်ရောက်မှုတွေရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013