Home
မြန်မာသတင်း
သပိတ်ကျင်းတွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့်မိခင်တို့ သေဆုံး
DVB
·
November 18, 2024

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ရေညာဦးရွာနဲ့ ကျောက်ဖြူရွာတို့ကို စစ်ကောင်စီက နိုဝင်ဘာ ၁၆ ရက်၊ မနက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရေညာဦးရွာက သက်လတ်ပိုင်းအရွယ် အမျိုးသမီးနဲ့ ၆ နှစ်အရွယ် ကလေးငယ်တို့ သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ‌DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၆ ရက်၊ မနက် ၈ နာရီနဲ့ ၈ နာရီခွဲဝန်းကျင်မှာ တိုက်လေယာဉ်နဲ့ ရေညာဦးရွာကို ဗုံးတလုံး၊ ကျောက်ဖြူရွာကို ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ရေညာဦးရွာက မိခင်နဲ့ ကလေးတို့ ဗုံးစထိမှန်ခဲ့ပြီး ဆေးရုံပို့ဆောင်နေချိန် လမ်းမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒီကျေးရွာ ၂ ရွာက နေအိမ်တချို့လည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

“အမျိုးသမီးက ခြေထောက်ထိပြီး ပြတ်ထွက်သွားပါတယ်။ ကလေးငယ်ကတော့ ဦးခေါင်းကို ထိတာပါ။ ကျောက်ဖြူရွာမှာတော့ လူထိခိုက်သေဆုံးမှုမရှိဘူး” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေအနီးက တွင်းငယ်ကျေးရွာမှာ နိုဝင်ဘာ ၁၆ ရက်မနက်အစောပိုင်းကစလို့ စစ်ကောင်စီနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာခဲ့တဲ့နောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာအနီးရှိ အမှတ် (၁၃) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းကနေ တွင်းငယ်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ မန္တလေးတိုင်းဒေသကြီး၊ တွင်းငယ်မြို့ နယ်မြေခံ တပ်ရင်းဌာနချုပ်တဝိုက် နယ်မြေလုံခြုံရေးဆောင်ရွက်ချိန် TNLA၊ PLA ပူးပေါင်းတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ အမျိုးသားအလောင်း ၂ လောင်းနဲ့ လက်နက်တချို့ သိမ်းဆည်းရရှိတယ်လို့ ရေးသားဖြန့်ဝေနေပေမဲ့ DVB အနေနဲ့ နှစ်ဖက် ထိခိုက်မှုအခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာတဝိုက်မှု လက်ရှိအချိန်အထိလည်း ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေပေမဲ့ နိုဝင်ဘ ၁၆ ရက်နေ့ကလောက်တော့ တိုက်ပွဲမပြင်းထန်ဘူးလို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ဖူးအိအိနွယ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013