Home
မြန်မာသတင်း
စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသည့် ကုန်းလောရွာက ကလေးငယ်များ
DVB
·
November 18, 2024
Photo: The Kachin Net

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ကုန်းလောကျေးရွာက ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဘုရားကျောင်းဝင်းအတွင်းကို နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကလေးငယ်တွေ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ပါတယ်။

ဘုရားကျောင်းဝင်းအတွင်း ကလေးတွေ ဆော့ကစားနေချိန် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေအပါအဝင် ၉ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၀ ထက်မနည်းရှိတယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲမှာ ၁၀ နှစ် ဝန်းကျင် ကလေးသူငယ် ၇ ယောက်ရှိပြီး စစ်ရှောင်မိသားစုလိုက် ၆ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“ကလေးတွေကတော့ အစက ခြံနောက်မှာ လယ်ကွင်းရှိတယ်။ အဲဒီမှာ ကောက်ရိုးတွေနဲ့ ဆော့နေကြတာ။ လေယာဉ်လာတယ်ဟေ့ လေယာဉ်လာတယ်ဆိုပြီးမှ ကလေးတွေ သုံးထပ်အဆောင်ဘက်ကို အကုန်လုံး ပြေးဝင်သွားကြတယ်။ တချို့ကလေးတွေက နောက်ကျလို့ အဲဒီအဆောင်ထိ မရောက်လိုက်လို့။ လေယာဉ်ပျံ လေယာဉ်ပျံဆိုပြီး အော်ပြီး အဲဒီကို ပြေးဝင်သွားကြတဲ့ ကလေးတွေ အကုန်လုံးထိကြတာပါ။”

လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အောက်အရွယ် မောင်ဖြစ်သူ သေဆုံးခဲ့ပြီး ကိုယ်တိုင်လည်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့တဲ့ ကျောင်းသူတယောက်ကတော့ သူ မှတ်မိသလောက်ကို ပြန်ပြောပြပါတယ်။

“မီးဖိုချောင်မှာ ထမင်းချက်ရင်း ဇာတ်ကားကြည့်နေတုန်း၊ တခြားကလေးတွေက ဂျက်ဖိုက်တာ ဆိုပြီး အော်တော့ သူတို့ဘာသာ ဆော့နေတယ်ထင်ပြီး ဒီတိုင်းနေနေတာ။ ဗုံးလာကြဲရော၊ သမီးလည်း မောင်လေးကို သွားခေါ်တယ်၊ သွားခေါ်လည်း မတွေ့တော့လို့ ဟိုဘက်သွားကြည့်တော့ လူတွေအများကြီး သေနေတာ။ သမီးမောင်လေးကိုတော့ မမြင်ဘူး။ သူများတွေ ဘိလပ်(အုတ်တံတိုင်း) နဲ့ ဖိပြီးမှ သေနေတာတွေ တွေ့ရတယ်။”

မိုးမောက်မြို့နယ် ကုန်းလောကျေးရွာဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကျေးရွာဖြစ်သလို မိုးမောက်က စစ်ရှောင်တွေ သွားရောက်ခိုလှုံနေတဲ့ ကျေးရွာလည်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့လေကြောင်းတိုက်ခိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။  

ဒဏ်ရာရရှိသူတွေတော့ ဆေးကုသမှုခံယူနေတယ်လို့ သိရပြီး ဒဏ်ရာပြင်းထန်သူတွေလည်း ပါဝင်တယ်လို့ ဒေသခံက ပြောပါတယ်။

“ဒီဘုရားကျောင်းထဲမှာဆိုရင် စစ်ရှောင်တဲ့ ပြည်သူတွေပဲ ရှိတယ်။ တခြားဘာမှ မရှိဘူး။ ဖြစ်တာက ညနေ ၃ နာရီကျော်လောက်ဆိုတော့ ကလေးတွေက ကစားနေကြတာ။ လူကြီးတွေကတော့ စစ်ရှောင်တွေ ဆိုပေမယ့် လက်လုပ်လက်စားတွေလေ၊ တောင်ယာစိုက် စပါးရိတ် သွားကြတော့ လူကြီးတွေက သိပ်မရှိဘူး။ သေဆုံးတဲ့အထဲ ကလေးတွေ ပိုများသွားတာပေါ့။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာလည်း စိုးရိမ်ရတဲ့သူတွေများတယ်။”

အဲဒီနေ့က ကုန်းလောကျေးရွာအပြင် ကုန်းလောရွာနဲ့ ၁၇ မိုင်အကွာမှာရှိတဲ့ မရယ်ကထောင်ကျေးရွာဘက်မှာလည်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ မရယ်ကထောင်ရွာဘက်ကို အရင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အဲဒီကနေ တောက်လျှောက် ကုန်းလောရွာဘက်ကို ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။

ကုန်းလောရွာသားတယောက်က “လေယာဉ်သံလာတာ ကြားတယ်။ ကျော်သွားပြီဆိုပြီး ဒီအတိုင်း မီးဖိုချောင်မှ ထမင်းဟင်းချက်ဖို့လုပ်နေတာ။ ပြီးတော့မှ ပြန်လှည့်လာပြီး ရွှီးဆိုတဲ့ အသံမြည်တဲ့အခါကျမှ ကျပြီဆိုပြီး အဲ့မှာပဲ နားပိတ်ပြီးမှ ထိုင်နေတာ။ ကျပြီးသွားတော့ အပြင်ကိုထွက်သွားပြီ၊ ဒီနားမှာက အိမ်က အစတွေ ကျလာပြီလေ။ ကျမသားက အပြင်မှာနေနေတာဆိုတော့ သားကို သွားခေါ်ပြီး ဟိုဘက်ပြေးသွားလိုက်တယ်။ ဗုံးက ၂ လုံးကျတယ်။ တလုံးက ဟိုဘက်မှာ မကွဲဘူး။ တလုံးက ဒီချောင်းထဲမှာ ကွဲသွားတာ။”

မရယ်ကထောင်ရွာမှာတော့ စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတာ အပြင် ရမ်းသန်းပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ မကြာခဏ ကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့တာပါ။ ပြည်သူတွေကတော့ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်တာ၊ လက်နက်ကြီးရမ်းသန်းပစ်ခတ်တာတွေကို အမြဲတမ်းစိုးရိမ်ထိတ်လန့်ပြီး သတိနဲ့ နေနေကြရတယ်လို့ ဒေသခံ ရွာသားက ပြောပါတယ်။

“ဒီမနက်ဆို အိမ်မှာ မနေရဲတော့ဘူး။ မနေလို့ကလည်း မရဘူး။ လုပ်စရာတွေက ရှိနေတာ။ ပြန်ဖြစ်လာမလား စဉ်းစားရင်း ဒါကို ကြောက်နေရတာ။ သတိနဲ့ နေနေရတာ။ စိတ်ကတော့ ကြောက်တာပေါ့။”

စစ်ကောင်စီတပ်ဟာ ကချင်ဒေသအတွင်း ၂၀၂၃ ခု အောက်တိုဘာ ၁၇ ရက်က လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်လို့ စစ်ရှောင် ၂၉ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး အဲဒီထဲမှာ အသက်မပြည့်တဲ့ ကလေး ၁၁ ဦးပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ ဖားကန့် အနန့်ပါရွာကို ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၈၀ ကျော် သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီတပ်က ကချင်ဒေသအတွင်း အရပ်သားအပေါ် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၃ ကြိမ်တိုင်တိုင်ရှိနေပြီ ဖြစ်ပါတယ်။

စစ်ရှောင်ပြည်သူတွေကတော့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် စစ်ကောင်စီရဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိနေကြပါတယ်။

ဒေသခံအမျိုးသမီးတယောက်က “ဒီမှာက ရွာမှာ နေလို့မရလို့ ခေတ္တခဏ စစ်ရှောင်နေတဲ့ နေရာ။ ဘုရားကျောင်းမှာဆိုလည်း ကိုယ့်ဘာသာအလိုက်ပေါ့။ တောထဲမှာ စစ်ရှောင်ကြတာလည်း ရှိတယ်။ စစ်ရှောင်နေရာချပေးတာ မရသေးခင် ဒီမှာ  ခဏလာနေကြတာ။ အကုန်လုံး စစ်ရှောင်တွေပဲ။ ကျမတို့ စစ်ရှောင်တွေက အိမ်မှာလည်း နေလို့မရလို့ စစ်ရှောင်ပါတယ်ဆိုမှ စစ်ရှောင်တဲ့နေရာမှာလည်း ဗုံးလာကြဲဆို သေတဲ့သူကသေ၊ ဒဏ်ရာရသူက ရဆိုတော့ ကျမတို့တွေလည်း ရင်ထဲမှာ မခံနိုင်အောင် ခံစားရပါတယ်”လို့ ပြောပါတယ်။

လက်ရှိ မိုးမောက်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့  ၄၃၇ တပ်စခန်းကြီးကို KIA ကနေ တိုက်ခိုက်သိမ်းပိုက်အပြီး ဗန်းမော်ဘက်ကနေ စစ်ကြောင်းထိုးတာတွေ ရှိတဲ့အတွက် စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ 

ဟန်န

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024