ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့၊ မန်လုံရပ်ကွက်မှာ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး ၂ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ၅ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မိုင်းငေါ့မြို့၊ မန်လုံရပ်ကွက်ထဲကို စစ်ကောင်စီက ဂျက်ဖိုက်တာတစီးနဲ့ မနေ့ နိုဝင်ဘာ ၁၇ ရက် မနက် ၁၁ နာရီ ၃၅ မိနစ်မှာ တကြိမ်၊ မနက် ၁၁ နာရီ ၃၈ မိနစ်မှာ တကြိမ် ပေါင် ၃၀၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် ၁၅ လုံးလည်း ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ဒုဋ္ဌဝတီတံတားနဲ့ ကျောက်ဂူလမ်းရှိ စစ်ကောင်စီတပ်က ၁၂၂ မမ လက်နက်ကြီး ၂ လုံးနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ၂ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိရှိဖို့ လိုအပ်ကြောင်း၊ လူစုလူဝေး မပြုလုပ်ကြဖို့နဲ့ လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့လည်း လိုအပ်ကြောင်း TNLA က အသိပေး တိုက်တွန်းထားကြောင်း သိရပါတယ်။