မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့ အတူ နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက အလင်းဝင်လာတယ်လို့ ရေစကြို ပကဖ ကနေ သိရပါတယ်။
ရေစကြို ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ရေစကြိုမြို့နယ် ရုံးပေါင်းစုံထဲမှာ သန်းခေါင်စာရင်းကောက်တဲ့ အဖွဲ့တွေကို လုံခြုံရေးပေးနေရတဲ့ စစ်သား ၂ ယောက်က လက်နက်ခဲယမ်းတွေယူလာပြီး ထွက်ပြေးလာကြတာပါ။ ၂ ယောက်လုံးက တပ်သားအဆင့်တွေပါ” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရေစကြိုအခြေစိုက် စစ်ကောင်စီတပ် လက်အောက်ခံ ခလရ ၂၅၇ က တပ်သား ကိုဦး (ကိုယ်ပိုင်နံပါတ်-တတ/၁၃၆၄၇၁) နဲ့ တပ်သား စိုးလင်းအောင် (ကိုယ်ပိုင်နံပါတ်-တတ/၁၃၆၄၀၃) တို့ ဖြစ်တယ်လို့ သိရပါတယ်။
ရေစကြိုပကဖ တာဝန်ခံတယောက်က “သူတို့တွေက ကျနော်တို့ဆီကို ၁၆ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ ရုံးပေါင်းစုံထဲကနေ ထွက်ပြေးလာကြတယ်။ ဆိုတာကို ဆက်သွယ်လာလို့ သတင်းရရချင်းပဲ သွားရောက်ရှာဖွေ ခေါ်ဆောင်ခဲ့ရပါတယ်။ ရေစကြိုနယ်က နေရာတခုမှာ ၁၇ ရက်နေ့ နေ့လယ်ပိုင်းမှာ သူတို့ကို ရှာတွေ့လို့ ကျနော်တို့ဆီကို လက်နက်တွေအပ်ပြီး တခါတည်း အလင်းဝင်လာကြတာပါ” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ MA1 သေနတ် ၂ လက်၊ ကျည်ဘောက် ၉ ဘောက် အပါအဝင် ၅ ဒသမ ၅၆ ကျည်အတောင့် ၄၅၀ နီးပါးကို ရေစကြိုပကဖဆီ အပ်နှံပြီး အလင်းဝင်ရောက်လာခဲ့ကြတဲ့အတွက် ဆုကြေးငွေအဖြစ် တယောက်ကို ကျပ် ၁၅ သိန်း ပေးအပ်ချီးမြှင့်ထားပြီး လုံခြုံစိတ်ချရတဲ့နေရာမှာ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ သူက ဆက်ပြောပါတယ်။
ရေစကြိုမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံတွေ အနေနဲ့ ပြည်သူ့ရင်ခွင်ကို လုံခြုံစိတ်ချစွာ ဘက်ပြောင်းခိုလှုံကြဖို့ ထပ်မံတိုက်တွန်းထားပြီး ဖုန်းနံပါတ် 09988895428 ကို လုံခြုံစိတ်ချစွာ ဆက်သွယ်နိုင်တယ်လို့လည်း ရေစကြို ပကဖဆီကနေ သိရပါတယ်။