ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်ထဲ နိုဝင်ဘာ ၁၇ ရက် ည ၁၁ နာရီခွဲကျော်လောက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတွေ အများအပြားထိခိုက်၊ သေဆုံးကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ည သန်းခေါင် ၁၁ နာရီ ၄၇ မိနစ်မှာ ကြဲချခဲ့တာ ဖြစ်ပြီး လေကြောင်း ဗုံးကြောင့် ၂ လသားအရွယ် ကလေးငယ် တယောက်၊ အဲဒီ ကလေးရဲ့ မိခင်နဲ့ သက်ကြီးရွယ်အို တယောက် စုစုပေါင်း ၃ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။
တရုတ် ခရစ်ယာန် ဘုရားကျောင်းဘေးနားက အိမ်ပေါ်ကျတာလို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
လေယာဉ်ဗုံး အရှိန်ပြင်းလွန်းတာကြောင့် ရပ်ကွက်ထဲက နေအိမ်တချို့ရဲ့ တံခါးချက်တွေပါ ပြုတ်တဲ့အပြင် ပြတင်းပေါက်မှန်တွေပါ ကွဲကုန်တယ်လို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတယောက်က “လူတော်တော် ထိခိုက်သေဆုံးပြန်ပြီ။ တရုတ်အိမ်ကြီး တအိမ်မှာ ထိတာ။ ကလေးတယောက်ပဲ ရှင်တယ်။ တရုတ်တွေရဲ့ မုန့်ဝန်းခန်းမဆိုတဲ့ နေရာနားက တရုတ်အိမ်ထိတာ"လို့ ပြောပါတယ်။
လေကြောင်း ကင်းထောက် National Air Scout - NAS ကတော့ ကွတ်ခိုင်မြို့မှာ နိုဝင်ဘာ ၁၇ ရက်ည ၁၁ နာရီ ၄၇ မိနစ် အချိန်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့ MiG-29 Fighter Jet ၁ စီး အရှေ့မြောက်အရပ်မှ မိတ္ထီလာ ရှမ်းတဲလေတပ်သို့ ညသန်းခေါင်မှာ ဆင်းသက်ကြောင်း ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၁၇ ရက် မနက် ၁၁ နာရီခွဲကျော်ကလည်း TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့ခရိုင်၊ မိုင်းငေါ့မြို့ မန်လုံရပ်ကွက်မှာလည်း စစ်ကောင်စီက ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် အရပ်သားပြည်သူ အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။