စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သုံ့ပန်း ၂၅ ယောက် ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ရဲ့ ရဲဘော် ၉ ယောက် ကျဆုံးခဲ့တယ်လို့ BNRA ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ ၁၇ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၁ ရက် မနက် ၄ နာရီခွဲကစလို့ ပုလဲမြို့သိမ်း စစ်ဆင်ရေးစတင်ခဲ့ပြီး နောက် ၄၈ နာရီအကြာမှာ မြို့ပေါ်က ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်းကို ထိန်းချုပ်နိုင်ပြီး မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က စစ်ကောင်စီလက်အောက်ခံ နမခ၊ တံတားဦးလေတပ်၊ ရှမ်းတဲလေတပ်၊ မကွေးကလခ တို့က လေကြောင်းကနေ အခေါက်ရေ ၇၀ ကျော် ပစ်ကူပေးတဲ့ကြားက အချိန်တိုအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်တာလို့ ဆိုပါတယ်။
စစ်ဆင်ရေးအတွင်း BNRA က ရဲဘော် ၉ ယောက် ကျဆုံး၊ ၁၀ ယောက် ထိခိုက်ဒဏ်ရာရပြီး Generation Z Army (GZA) GZA က ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးတော့ စစ်ကောင်စီဘက်က သုံ့ပန်း ၂၅ ယောက် ထိန်းသိမ်းနိုင်ခဲ့ပြီး အများစုဟာ ဘန်ကာတွင်းကို ဗုံးထည့်ခံရတဲ့ ထိခိုက်ဒဏ်ရာတွေကြောင့် ဆေးကုသခံနေရသလို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးအတွင်း MA1 ၅ လက်၊ MA2 ၂ လက်၊ MA3 ၄ လက်၊ MA4 ထောက်တွဲ ၁ လက်၊ G3 ၆ လက်၊ G4 ၂ လက်၊ ပစ္စတို MA5 ၁ လက်၊ M9 ဗုံးသီး အလုံး ၆၀၊ လက်ပစ်ဗုံး ၂ လုံး၊ တိုက်မိုင်း ၃ လုံး၊ နင်းမိုင်း ၁ လုံး၊ လက်ပစ်စနစ်တံ ၆ ခု၊ တိုက်မိုင်းဖြူးစ် ၃ ခု၊ G3 ကျည်ဘောက်အပို ၄ ခု၊ MA အပိုကျည်ဘောက် ၂၉ ခု၊ G3 ကျည်နဲ့ ကပစ ၅ ဒသမ ၅၆ ကျည် အများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။
မြို့ကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ မြေပြင်စစ်ကူဖြတ်တောက်တာကို အဘက်ဘက်က ပြင်ဆင် ကြိုးစား ဆောင်ရွက်ခဲ့ပေမဲ့ လေကြောင်းကနေ စစ်ကူချတာ၊ ပစ်ကူပေးတာတွေကြောင့် ဖြတ်တောက်ဖို့ ခက်ခဲပြီး နိုဝင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းမှာ မြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဒီ မြို့သိမ်း စစ်ဆင်ရေးကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ဦးဆောင်ပြီး Generation Z Army (GZA) နဲ့ ရေစကြိုက Southern Yesagyo (SYSO) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ချင်းညီနောင်စစ်ဆင်ရေး (CB Operation) နဲ့ ချိတ်ဆက်ပြီး Coordinated Movement အဖြစ် လုပ်ဆောင်ခဲ့တာဖြစ်လို့ အခုလို အတိုင်းအတာအထိ အောင်မြင်ခဲ့တာလို့လည်း ဆိုပါတယ်။