ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ဘက်ကို ဝင်လာတဲ့ စစ်ဘေးရှောင် ၅ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီ ကသိရပါတယ်။
နိုဝင်ဘာ ၁၆ ရက် မနေ့မနက်အစောပိုင်းက ရခိုင်ရိုးမ အစပ်မှာရှိတဲ့ ရေကြည်မြို့နယ်၊ စောပြာကျေးရွာကို လာတဲ့ ရခိုင်စစ်ဘေးရှောင် ၅ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ရေကြည်မြို့နယ်ထဲက စောပြာကျေးရွာကို လာတာလို့ သိရတယ်။ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်က လာတာ။ အဖမ်းခံရတာ ၅ ယောက်။ စကစ တပ်ဘက်ကတော့ စစ်ရှောင်တွေ မဟုတ်ဘူး။ အကြမ်းဖက်သမားတွေဆိုပြီး ဖမ်းတာ” လို့ ပြောပါတယ်။
အဖမ်းခံရသူတွေဟာ အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၄ ယောက်ဖြစ်ပြီး အသက် ၁၇ နှစ်ကနေ အသက် ၂၀ ကျော်အရွယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
နီးစပ်သူဒေသခံတယောက်ကလည်း “စစ်ဘေးရှောင်လို့ပြောတာမရဘဲ စကစတပ်ကဖမ်းတာ။ ဘယ်ဖမ်းခေါ်သွားတယ်ဆိုတာ မသိရသေးဘူး။ ရခိုင်ပြည်နဲ့ ဧရာဝတီတိုင်းရဲ့အစပ်မှာ အာရက္ခတပ်တော် AA နဲ့ စကစတပ် တိုက်ပွဲပြင်းထန်လာလို့ အခုလို ရွှေ့ပြောင်းလာကြတာပါ။ လက်နက်ကိုင်အဖွဲ့တွေ မဟုတ်ဘူး” လို့ ပြောပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း ရခိုင်ဘက်က လာတဲ့ စစ်ရှောင် ၅ ယောက်ကို ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ကြံခင်း၊ သာပေါင်း စတဲ့မြို့တွေမှာလည်း ရခိုင်စစ်ရှောင်တွေ ဖမ်းဆီးခံခဲ့ရပါတယ်။
ဧရာဝတီတိုင်းထဲက ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ သာပေါင်း၊ ရေကြည်၊ ကြံခင်းနဲ့ မြန်အောင်မြို့နယ်တို့က ကျေးရွာတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာ၊ ကင်းပုန်းဝပ် စောင့်တာအပြင် စစ်ဆေးရေးဂိတ်တွေမှာပါ တိုးမြှင့်ချထားပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေနဲ့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Photo - SM