Home
မြန်မာသတင်း
ရေဦးနှင့် တန့်ဆည်ကို စစ်ကြောင်းထိုး မီးရှို့နေသဖြင့် ဒေသခံအများအပြား ထွက်ပြေးနေရ
DVB
·
November 17, 2024

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်ထဲကို နိုဝင်ဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်ပြီး မီးရှို့နေတာကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာအထိုင်ကနေ ကားတွေနဲ့ တန့်ဆည်နယ်အရှေ့ခြမ်း ရွှေလှန်ရွာ၊ ငတန်းရွာဘက်ကို အင်အားချပြီး စစ်ကြောင်းစထိုးတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရေဦးအခြေပြု People's Defense Comrade ရဲ့ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က “ကျနော်တို့ ရေဦးနယ်ဘက်ကို တန့်ဆည်၊ ရွှေလှန် ငတန်းရွာဘက်ကနေ  မနက်ပိုင်းကစလို့  ရေဦးနယ်မြောက်ဘက်ခြမ်းက ရွာဗုကြီးရွာကို စတင်ဝင်ရောက်လာတယ်ဗျ။ လက်ရှိ စစ်(-)ကြောင်းက ရွာဗုကြီးရွာကနေ ဆီဆုံရွာကို ဝင်ရောက်ပြီးတပ်စွဲနေတယ်ဗျ။ အခုထွက်ပြေးနေရတဲ့ရွာတွေက တန့်ဆည်နယ်အရှေ့တောင်ခြမ်းက တပ်သစ်၊ ကြို့ထိန်း၊ ရွာသူကြီး၊ ကလဇင် ရွာတွေနဲ့ ရေဦးနယ်မြောက်ဘက်ခြမ်းက ရွာဗုကြီး၊ ဆီဆုံ၊ ပေကုန်း၊ စီးမ၊ ရွာရှည်၊ မုံတိုင်ပင်၊ အင်ပင် စတဲ့ရွာတွေက ပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်” လို့ ပြောပါတယ်။

ရေဦးနယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းဟာ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာနားက ကျေးရွာတွေကိုမီးရှို့ပြီး အရပ်သားတွေကို ဖမ်းဆီးခဲ့တဲ့ ဦးဝါသဝရဲ့ ပျူစောထီးတွေလည်း ပါတယ်လို့ သိရပါတယ်။

တန့်ဆည်ဒေသခံတယောက်က “ကန့်ဘလူနယ်၊ တန့်ဆည်နယ်ထဲကနေ ရေဦးနယ်အတွင်းကို နယ်မြေချဲ့ချင်တဲ့ပုံစံနဲ့ စစ်ကြောင်းစထိုးလာတယ်လို့ ခန့်မှန်းရပါတယ်ဗျ။ နောက်ပြီး တန့်ဆည်နယ် တောင်ဘက်ခြမ်း ကျွဲဆွဲရွာမှာ အထိုင်ချထားတဲ့ စစ်(-) ၅၀ ခန့်ကလည်း တနယ်ရွာဘက် စတင် စစ်ကြောင်းထိုးလာပြီး လက်ရှိ ခပေါင်းကြိုင်ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြတယ်။ ခပေါင်းကြိုင်ရွာကို မီးရှို့နေတဲ့ စစ်ကြောင်းရန်ကြောင့် တနယ်ရွာ၊ ခပေါင်းကြိုင်ရွာ၊ စိမ်းစားရွာ အရှေ့ကုန်းရိုးရွာ၊ အနောက်ကုန်းရိုးရွာ စတဲ့ ကျေးရွာက ပြည်သူအများအပြား နေရပ်စွန့်ခွာ‌ နေကြရတယ်” လို့ ပြောပါတယ်။

MNDAA၊ TNLA၊ AA တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ငြိမ်သွားပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအင်အား ပြန်လည်ဖြည့်တင်းလာပြီး လေကြောင်းအပါအဝင် မြေပြင်ကပါ စစ်ကြောင်းထိုးတာတွေ ခပ်စိပ်စိပ်လုပ်လာတာကို တွေ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013