Home
မြန်မာသတင်း
ဒီးမော့ဆိုအနောက်ခြမ်းစစ်ရှောင်စခန်းများတွင် ရာသီတုပ်ကွေးအဖြစ်များနေ
DVB
·
November 17, 2024
Photo: Jobs for kayah

ဆောင်းအဝင် ရာသီဥတုအပြောင်းအလဲကြောင့် ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ လူဦးရေရဲ့ထက်ဝက်လောက်အထိ ရာသီတုပ်ကွေးဖြစ် ဖျားနာနေကြတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်စခန်း ၅ ခုထက်မနည်းမှာ တုပ်ကွေးဖြစ်နေကြပြီး စခန်းတခုမှာ အနည်းဆုံး လူဦးရေ ၁၂၀ လောက်ကနေ ၅၀၀ လောက်အထိရှိတာပါ။

လူ ၁၂၀ လောက်ရှိတဲ့ စခန်းမှာ လူ ၅၀ လောက်ဖျားနာကြပြီး အဆင့်ဆင့် ကူးစက်တာတွေကြောင့်လည်း ဖျားနာသူတွေ ပိုများလာနေပါတယ်။

ဒီမော့ဆိုအနောက်ခြမ်း အလယ်တန်းကျောင်းမှာလည်း ကျောင်းသား အယောက် ၅၀ ကျော် ဖျားနာနေတယ်လို့ ကျောင်းတာဝန်ရှိသူတွေဆီက သိရပါတယ်။

KG ကနေ Grade 9 အထိ ဖွင့်လှစ်ထားတဲ့ အလယ်တန်းကျောင်းဖြစ်ပြီး ကျောင်းသား ၁၃၀ လောက်မှာ အယောက် ၅၀ ကျော်က ရာသီတုပ်ကွေးလက္ခဏာတွေ ခံစားနေရတယ်လို့ သိရပါတယ်။

ကျောင်းဆရာမတယောက်က “စာသင်နေရင်းတန်းလန်းနဲ့ ကိုယ်ပူတာတွေရှိတော့ တခါတလေ အိမ်ပြန်ပို့ရတာတွေရှိတယ်။ တချို့ကလေးတွေလည်း မိတ်ဖုလိုလို အဖုတွေအများကြီးရှိပြီး ယားကြတယ်။ နှာစေးချောင်းဆိုးတာတွေလည်းရှိတယ်” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့တပတ်ကစလို့ ကလေးတွေ ရာသီတုပ်ကွေးဖြစ်နေကြပြီး အဖျားပြင်းသူတွေကိုတော့ မိဘတွေက ပြန်လည်ခေါ်ယူပြီး နေအိမ်မှာအနားယူလို့ သက်သာချိန်မှ ကျောင်းပြန်ပို့တယ်လို့ သိရပါတယ်။

ခုလက်ရှိအချိန်ထိတော့ ကလေးငယ်တွေအတွက် ဆေးဝါးကုသစောင့်ရှောက်မှုပေးတဲ့သူတွေ မရှိသေးဘူးလို့လည်း ကျောင်းတာဝန်ရှိသူတွေက ပြောပြီး အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့ ဆေးဝါးတွေနဲ့ တကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အသုံးအဆောင်တွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ဒီးမော့ဆိုအနောက်ခြမ်းကို ဆေးဝါးတင်သွင်းခွင့် ပိတ်ပင်ကန့်သတ်ထားတဲ့ အတွက်လည်း အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းက ဒေသခံတွေဟာ စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြရတာ ၃ နှစ်ကျော်လာပြီဖြစ်ပြီး ဆောင်းရာသီကာလအတွက် စောင်နဲ့ အနွေးထည် မလုံလောက်တာကြောင့် အကူအညီလိုအပ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013