Home
မြန်မာသတင်း
ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်းများတွင် စောင်နှင့် အနွေးထည် အကူအညီလိုအပ်
DVB
·
November 15, 2024

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူတွေဟာ အမိုးအကာမလုံမခြုံနဲ့  နေထိုင်နေရပြီး ရာသီဥတု အရမ်းအေးလာတာကြောင့် စောင်နဲ့ အနွေးထည်တွေ လိုအပ်နေပါတယ်။ 

ဆောင်းရာသီကာလကိုရောက်ရှိလာပြီး ရာသီဥတု အရမ်းအေးလာတာကြောင့် အအေးဒဏ်ကို ကာကွယ်ဖို့ စောင်နဲ့အနွေးထည်တွေ လိုအပ်နေတယ်လို့  စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

စစ်ရှောင်အမျိုးသားတယောက်က “အခုအေးနေတော့ ကျန်းမာရေးထိခိုက်တယ်။ ဆောင်းဝင်တော့ ရောဂါအမျိုးမျိူးပေါ်လာတယ်၊ အအေးဒဏ်ရော ထုံကျဥ်တဲ့ဒဏ်ရောခံရတယ်။ ဘာလို့လဲဆိုတော့ စောင်မရှိလို့ စောင်တော်တော်လိုအပ်တယ်။  တအားအေးတော့ တခါတလေတဲထဲမှာ လေလုံအောင် ပုန်းနေရတယ်။ ညဘက်မှာ မီးမလုံရဲလို့ ကြောက်လို့ တဲထဲမှာပဲ အိပ်နေရတယ်။ စောင်မရှိလို့ ဂုံနီအိတ်နဲ့ တူတူခင်းပြီး အိပ်ရတယ်” လို့ ပြောပါတယ်။

ဒီးမော့ဆို အနောက်ခြမ်းမှာ ညနေပိုင်းကစပြီး ရာသီဥတုဟာ 16°C လောက်မှာရှိပြီး အနွေးထည်နဲ့ စောင်မလောက်တာကြောင့် ညဘက် အေးဓာတ်လျော့နည်းအောင် မီးလှုံဖို့ကြိုးစားတဲ့အခါမှာလည်း ထင်းကအစ ဝယ်ယူအသုံးပြုရနေပါတယ်။ ဒါ့အပြင် မီးလှုံရင် စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကိုလည်း ကြောက်နေရပါတယ်။  

စစ်ရှောင်အမျိုးသမီးတယောက်က “ခုက အတော်လေးအေးနေပြီ။ တောင်ပေါ်ဒေသဖြစ်တဲ့အတွက် ပိုအေးတာပေါ့နော်။ မိုးကာတဲနဲ့နေရတော့ ပိုဆိုးတယ်။ ဘာလို့ဆို မိုးကာက နှင်းရည်ကကျတော့ စောင်တွေစိုချွဲတဲ့အထိ အအေးဒဏ်ခံစားရတာပေါ့နော်။ မနက်ထလည်း မထနိုင်ဘူး၊ တအားအေးလို့။ ကလေးတွေ လက်တွေကွဲ၊ ပါးတွေကွဲ အဲဒီအထိတောင်။ အခုက စစ်ရှောင်တွေအရမ်းများလာတော့ မြေကွက်ပိုင်းတဲ့သူတွေက ထင်းမပေးခုတ်စေချင်တော့ဘူး။ အစစအရာရာ အကုန်လိုအပ်နေတယ်” လို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ ရာသီဥတုအေးလာလို့ ရာသီတုပ်ကွေးဖြစ်ပွားသူ၊  နာကျင်ကိုက်ခဲပြီး ဖျားနာတာတွေ ဖြစ်ပေါ်နေတယ်။

Jobs for kayah တာဝန်ခံက “ဒီမှာက အရမ်းအေးလာတဲ့အတွက် စောင်တို့၊ အနွေးထည်တို့ ဦးထုပ်၊ ခြေအိတ်၊ လက်အိတ်တာတွေလည်းရှိတယ်။ အနွေးထည်တို့၊ စောင်တို့၊ ခြေအိတ် လက်အိတ်တို့ ကလေးတွေ အဲဒီအတွက် လိုအပ်နေတာကို တွေ့ရတယ်။ သူတို့လည်း အကူအညီတောင်းလာတာတွေရှိတယ်။  နောက်တခုက ဆေးဝါး။ ဆေးဝါးက သယ်ယူရခက်ခဲတယ်။ စစ်ကောင်စီဘက်ကလည်း ဆေးဝါးတွေကို သယ်ယူခွင့် ပိတ်ပင်ထားတယ်” လို့ ပြောပါတယ်။

ကရင်နီဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူတွေက မိုးဗြဲမြို့ကနေ ၂၀၂၂ ခုနှစ် နှစ်ဝက်လောက်ကစပြီး ချိုးဖြူစစ်ရှောင်စခန်းကို စစ်ဘေးရှောင်ရောက်ရှိနေတာပါ။ အဲဒီစခန်းမှာ အိမ်ခြေ ၂၈ စု၊ လူဦးရေ ၁၂၀ ကျော်ဟာ  လက်ရှိ အချိန်အထိ စစ်ရှောင်စခန်းမှာပဲ ဆက်လက်ခိုလှုံနေရပါတယ်။ 

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013