ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ရှောင်တွေဟာ အရေပြားယားယံတဲ့ရောဂါကို ကာလကြာရှည်စွာ ခံစားနေရပြီး ပျောက်ကင်းအောင် ကုသနိုင်ဖို့အတွက် ဆေးဝါး အကူအညီတွေ လိုအပ်နေပါတယ်။
စစ်ရှောင်မိသားစုတွေဟာ စခန်းထဲမှာ သန့်ရှင်းတဲ့ သောက်သုံးရေမရရှိတဲ့အတွက် အရေပြားနဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့နေရတာ ၆ လလောက်ရှိနေပြီ ဖြစ်ပါတယ်။
ကရင်နီစစ်ဘေးရှောင် ဦးလကောက "ဟိုကုတ်ဒီကုတ်လုပ်ရတော့ ညဘက်ဆို အိပ်ရေးပျက်ရတယ်။ နောက်တခုက သူများရှေ့မှာ ယားနာရှိတယ်ဆို သူများတွေ့မှာ ကိုယ်က ကြောက်တယ်၊ နည်းနည်းရှက်တာပေါ့။ ကလေးက သူတို့ယားတာဆို မိသားစုမှာပဲ ပြောရဲတယ်" လို့ ပြောပါတယ်။
ဦးလကောတို့မိသားစုဟာ ဒီးမော့ဆိုက စစ်ရှောင်စခန်းတခုကို ရောက်ရှိနေတာ ၃ နှစ်အထိ ကြာရှိနေပြီ ဖြစ်ပါတယ်။
ဦးလကောတို့မှာ မိသားစုဝင် ၉ ယောက်ရှိပြီး ၃ ယောက်က အရေပြားရောဂါဖြစ်ပွားနေကာ ၃ တန်းနဲ့ ၈ တန်းအရွယ် ကလေးတွေက အရေပြားယားယံတာ ခံစားနေရတဲ့အတွက် စာကျက်တာနဲ့ ကျောင်းသွားရတာတွေမှာ အနှောင့် အယှက်ဖြစ်ရတယ်လို့ ဆိုပါတယ်။
အခုလိုကျန်းမာရေးပြဿနာတွေကြုံရတဲ့အခါ စစ်ဘေးရှောင်တွေအတွက် အားကိုးရာက ကိုယ်ထူကိုယ်ထကျေးရွာဆေးပေးခန်းတွေပဲဖြစ်ပါတယ်။
ဒါပေမဲ့ ဆေးပေးခန်းတွေမှာ ဆေးဝါးလုံလောက်မှုမရှိတဲ့အတွက် အရေပြားရောဂါဖြစ်ပွားနေတဲ့ စစ်ရှောင်တွေကို ဆေးကုသပေးဖို့ ခက်ခဲနေတယ်လို့ ကျန်းမာရေး ဆရာမမော်ပရေးမြာက ပြောပါတယ်။
"ဖြစ်တဲ့လူဦးရေကများတယ်။ လူဦးရေနည်းတဲ့ အိမ်ဆို တယောက်ဖြစ်ကြတယ်။ လူဦးရေများတဲ့သူဆို ပိုဖြစ်ကြတယ်။ ဆေးဝါးရရှိဖိုလည်းခက်ခဲတယ်။ ကိုယ်ထူကိုယ်ထ ဆေးခန်းကျ အသင်းအဖွဲကနေ ဆေးရရှိတာအနည်းအကျဥ်းရှိသလို တချို့ဆရာမကလည်း ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အလှူရှင်ကနေမှ ရရှိတဲ့ဆေးလည်းရှိတယ်။ ဒါပေမဲ့ ရရှိထားတဲ့ဆေးတွေက ဒီရှိနေတဲ့လူဦးရေနဲ့ မမျှတဘူးဖြစ်နေတယ်။ ရရှိတာက နည်းနည်းပဲ ရောဂါဖြစ်သူက အရမ်းများနေတဲ့အခါကျတော့ ဆေးဝါးက အလုံအလောက်မရှိဘူး "လို့ ပြောပါတယ်။
ဦးလကောတို့ နေထိုင်တဲ့ စစ်ရှောင်စခန်းမှာ လူဦးရေ ၃၀၀ ကျော်ရှိပြီး လူဦးရေ ထက်ဝက်လောက်ဟာ အရေပြားရောဂါတွေဖြစ်နေကြကာ ပျောက်ကင်းမှု မရှိတဲ့အတွက် ဆေးဝါးအလုံအလောက်ရရှိခဲ့ရင်တော့ ကုသဖို့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိ တိုက်ပွဲအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတွေကြောင့် စစ်ရှောင်စခန်းအတွက် ဆေးဝါးရရှိဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
ကရင်နီစစ်ဘေးရှောင်မမော်က "တချိုက ယားပြီးပျောက်တာရှိတယ်။ တချို့က ခုမှ ယားတယ်။ ယားတာချင်းလည်း မတူဘူး။ တချို့ဆို အဖုနဲ့ အရည်ကြည်ဖြစ်တယ်။ တချို့ဆို ကုတ်တာနဲ့ အနာဖြစ်သွားတာရှိတယ်။ အရင်နှစ်လည်းမဖြစ်ဘူး ဒီနှစ်မှ စဖြစ်တာ။ အကုန်လုံးဖြစ်တာပဲလေ ဒါပေမဲ့ ဒီတယောက် ယားတာပျောက်ရင် နောက်တယောက်ထပ်ဖြစ်တယ်။ ပြီးတော့ ပျောက်သွားပြီလား ပြန်ယားတယ် အဲလိုမျိုး" လို့ ပြောပါတယ်။
စစ်ရှောင်စခန်းက ကိုယ်ထူကိုယ်ထဆေးခန်း အများစုမှာ ဆေးမရှိတော့ဘဲ မြို့ ပေါ်ဆေးကုသဖို့အတွက်လည်း လမ်းတွေပိတ်ဆို့ထားတာနဲ့ ငွေကြေးအခက်ခဲတွေကြောင့် ဆေးမကုနိုင်ဘဲ ဖြစ်နေတယ်လို့ ဆရာမမော်ပရေးမြာက ပြောပါတယ်။
လင်းအိမ်