Home
မြန်မာသတင်း
ဒီးမော့ဆို အနောက်ခြမ်းက စစ်ဘေးရှောင်စခန်းတွင်  ရာသီတုပ်ကွေး ဖြစ်ပွားသူ များပြား
DVB
·
November 13, 2024

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ပင်ဝါးရုံ စစ်ရှောင်စခန်းမှာ လူဦးရေ ၇၀ ကျော်က ရာသီတုပ်ကွေး ဖြစ်ပွားနေတယ်လို့ စစ်ရှောင်တွေကို ကူပေးနေတဲ့အဖွဲ့က နိုဝင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။

ပင်ဝါးရုံ စစ်ရှောင်စခန်းမှာ လူဦးရေ ၁၂၀ ဝန်းကျင်ရှိပြီး အိမ်ခြေ ၂၄ အိမ်ရှိကာ ရာသီဥတု အကူးအပြောင်းကြောင့် လူဦးရေ ၇၀ ကျော်အထိ ဖျားနာနေတာလို့ သိရပါတယ်။

စစ်ရှောင်ကူညီပေးနေတဲ့ Jobs for kayah အဖွဲ့တာဝန်ခံက"ပြီးခဲ့တဲ့တပတ်က စစ်ရှောင်စခန်းမှာတုပ်ကွေးတွေ ဖြစ်ကြတယ်။ ကလေးတွေလည်း ဖျားနာကိုက်ခဲတာတွေ ခံစားရတာပေါ့နော်။ လူကြီးတွေကောပဲ။ အဆင့်ဆင့်ပြန်ကူးစက်ကုန်တာပေါ့နော်။ အဲဒါ စခန်းတခုပဲ ရှိသေးတယ်။ တခြားစခန်းတွေမှာ ဖြစ်တာတွေလည်းရှိနေတယ်"လို့ ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေက စစ်ရှောင်ကာလ ကြာမြင့်လာတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေရှိနေပြီး ရာသီဥတု အကူးအပြောင်းကြောင့် ဖျားနာကိုက်ခဲတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဆေးဝါးအနေနဲ့လည်း ဆေးခန်းတွေမှာ ရှိတဲ့ ဆေးဝါးတွေအခမဲ့ရပေမဲ့ ဆေးဝါး မလုံလောက်တဲ့အခါ ပြင်ပဆေးဆိုင်တွေကနေ ဆေးဝယ်ယူ သောက်သုံးရတာတွေ ရှိတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတယောက်က "ကျမတို့မှာ ဆေးဝါးတွေလည်း မလုံလောက်ဘူးပေါ့နော်။ အပြင်ဆေးဆိုင်တွေမှာလည်း ဆေးတွေက ဈေးကြီးတယ်။ ဝင်ငွေမရှိတော့ ဆိုးတာပေါ့နော်။ ဖျားနာတဲ့သူတွေရှိပေမဲ့ နွေးနွေးထွေးထွေးနေဖို့ အားပေးတာမျိုးလုပ်တာပေါ့။ ခုက ရာသီဥတု အေးလာတော့ စောင်နဲ့ အနွေးထည်တွေလည်း လိုအပ်လာတာပေါ့နော်"လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ ညနေအချိန်ဆိုရင် ရာသီဥတုက 16°C  လောက်ဖြစ်လာတဲ့အတွက် ရာသီဥတု အကူးအပြောင်းမှာ ဖျားနာသူတွေ များပြားနေတယ်လို့ သိရပါတယ်။

ရာသီတုပ်ကွေးဖြစ်တဲ့ စခန်းအနေနဲ့ ၅ ခုထက်မနည်းရှိနေပြီး နီးစပ်ရာ ဆေးပေးခန်းတွေမှာ သွားရောက်ပြသသူတွေရှိနေကာ ပြင်ပက ဆေးဆိုင်မှာ ဆေးဝယ်သောက်သူတွေလည်း ရှိတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013