Home
မြန်မာသတင်း
ပုဏ္ဏားကျွန်း စစ်ရှောင်စခန်း၌  ဝမ်းပျက်ဝမ်းလျှောနှင့် အရေပြားရောဂါ ဖြစ်ပွား
DVB
·
November 11, 2024

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးနေပြီး သောက်သုံးရေ မသန့်ရှင်းမှုတွေကြောင့် စစ်ဘေးရှောင်တွေမှာ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးကုသမှုအရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးရှောင် အရေးကူညီသူတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်စခန်းတွေမှာ စစ်ဘေးရှောင်ဦးရေ ၈၀၀၀၀ ဝန်းကျင်လောက်ရှိပြီး စစ်တွေ၊ ရသေ့တောင်၊ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့ပေါ်က စစ်ဘေးရှောင်သူတွေ အများဆုံး ဖြစ်ပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးတာ၊ သောက်သုံးရေ မသန့်ရှင်းတာ၊ ယင်လုံအိမ်သာလုံလောက်မှု မရှိတာ၊ လူနေထူထပ်တာတွေကြောင့် အသက်အရွယ်မရွေး ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အရေပြား ရောဂါတွေအဖြစ်များတယ်လို့ ဆိုပါတယ်။

အဲဒီအထဲက စစ်ဘေးရှောင်ဦးရေ ၁၀၀ နီးပါးဟာ ရေမသန့်ရှင်းတာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ခံစားနေကြရပြီး လုံလောက်တဲ့ ဆေးဝါးကုသခံယူခွင့် ဆုံးရှုံးနေရတယ်လို့ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ ဒီရောဂါဖြစ်တဲ့လူနာတွေက လူကြီး လူလတ် အရွယ်အကုန်လုံးပဲခင်ဗျ။ ကလေးတွေလည်း ဖြစ်တယ်။ အဓိကကျတော့ ရေပေါ့ဗျာ။ ရောဂါဖြစ်စေတဲ့ အကြောင်းရင်းကလေ။ ကျနော်တို့ ပုဏ္ဏားကျွန်းနယ်ဘက်ကကျတော့ ရေကန်တွေက နဂိုကတည်းက မလုံလောက်ဘူး။ ကိုယ့်ဘာကိုယ် တူးတဲ့ ရေတွင်းတွေကို သုံးရတယ်။ အဲဒီ ရေတွင်း ရေကန်တွေကလည်း သိပ်ပြီးတော့ သန့်ရှင်းမှုမရှိဘူး။ တချို့ရေကန်တွေဆိုရင် လူတွေလည်း အဲဒီရေကန်ကပဲ ရေချိုးလိုက်၊ ခပ်လိုက် အဲဒီရေနဲ့ပဲ ချက်စားလိုက် လုပ်နေ ကြတယ်။ တဖက်မှာလည်း ကျွဲ၊ နွား၊ တိရစ္ဆာန်တွေက ရေကန်ထဲကို ဆင်းပြီးတော့ မစင်စွန့်တာတွေ ရေသောက်ဆင်းတာတွေ အဲဒီလိုမျိုးအနေအထားမှာဆိုတော့ ရေကြောင့် ဖြစ်တဲ့ ရောဂါတွေက ဒီဘက်မှာ တော်တော်များပါတယ်။”

ဒါ့အပြင် စစ်ဘေးရှောင်တွေဟာ ငှက်ဖျားနဲ့  ရာသီတုပ်ကွေးရောဂါလည်း အလူးအလဲ ခံစားကြရပြီး ရောဂါဖြစ်ပွားမှု လျှော့ချနိုင်ဖို့အတွက် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းက ဆေးပေးခန်းတွေ၊ နယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှု ပေးတာတွေ လုပ်ဆောင်နိုင်ဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။

ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်းမှာလည်း သောက်သုံးရေရှားပါးပြီး မသန့်ရှင်းမှုတွေကြောင့် အရေပြားရောဂါဖြစ်နေသူ ၁၀၀၀ နီးပါးရှိပြီး ကလေးငယ်တွေမှာ အဖြစ်များတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အယောက် ၃၀၀ ဝန်းကျင်လောက်သာ ဆေးကုသမှုပေးနိုင်သေးတယ်လို့ လင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ စဖြစ်တဲ့အခြေအနေကနေ အခုချိန်ထိ လုံလောက်တဲ့ ဆေးကုသခံယူမှု မရရှိကြဘူး။ ဖြစ်ပွားမှုကလည်း တရက်ထက် တရက် ပိုပိုပြီးတိုးနေတယ်။ ဆေးရုံ ဆေးခန်းပြဖို့အတွက် ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲတွေရှိတယ်။ ဆေးဝါးမလုံလောက်မှုတွေ အဘက်ဘက်က ပိတ်ဆို့ခံထားရတဲ့အခြေအနေဆိုတော့ ကုန်ဈေးနှုန်းတက်တာတွေ အလုပ်အကိုင် အခွင့်အလမ်းအရ ရှားပါးနေတာကအစ အကုန်လုံး ကျနော်တို့အတွက် အခက်အခဲတွေပါခင်ဗျ။ ခု ဒီရေရှားပါးမှုပြဿနာတွေ ကြုံနေရတာပေါ့နော် ဒီရေရှားပါးမှုပြဿနာကို တလ နှစ်လအတွင်း အချိန်မီ မပြင်ဆင်နိုင်ခဲ့ရင် ကျနော်တို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတရပ် ဖြစ်လာနိုင်ပါတယ်။”

ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကောင်စီက ရခိုင်ဒေသကို ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ထားတဲ့အတွက် ဒေသတွင်း ဆေးဝါးတွေ ပြတ်လပ်လာကာ အဆမတန် ဈေးကြီးပေးဝယ်နေရပြီး ငွေကြေးမတတ်နိုင်တဲ့ စစ်ဘေးရှောင်တွေဟာ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ဆေးကုသခံယူခွင့်တွေ ဆုံးရှုံးနေကြရပါတယ်။

ရခိုင်ပြည်မှာ စစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်ဦးရေ ၆ သိန်းကျော်အထိ တိုးလာနေပြီး လမ်းခရီး ပိတ်ဆို့ထားမှုတွေကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်တာတွေကို အဆိုးရွားဆုံး ခံစားနေကြရတာလည်း ဖြစ်ပါတယ်။

ကေခိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024