Home
မြန်မာသတင်း
မြိုင်နန်းစံ ၂ စစ်ဘေးရှောင်စခန်းက ပြည်သူများ စားဝတ်နေရေးကျပ်တည်း
DVB
·
October 20, 2024

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြိုင်နန်းစံ ၂ စစ်ဘေးရှောင်စခန်းက ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းနေပြီး ဆောင်းတွင်းအတွက် အဝတ်အထည်နဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေပါတယ်။ 

မကွေးတိုင်း၊ ဂန့်ဂေါမြိုနယ်မြောက်ဘက်ခြမ်း မြိုင်နန်းစံ ၂ စစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့ ပြည်သူတွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာပါ။ 

မြိုင်နန်းစံ ၂ စစ်ရှောင်စခန်းမှာ ရောက်ရှိနေတဲ့ ပြည်သူ ရာနဲ့ချီရှိနေပြီး အချိန်တနှစ်ကျော်ကာလအတွင်းမှာ အလှူရှင်တွေရဲ့ ထောက်ပံ့မှုတစုံတရာ မရခဲ့ကြဘူးလို့ ဆိုပါတယ်။

စစ်ဘေးရှောင် အဘွားတယောက်က “ကျမတို့ဆိုရင် မိသားစု ၆ ယောက်ကြီးနော်။ ဘယ်က ထောက်ပံ့မှုမှလည်း မလာ၊ အလုပ်ကလည်း မရှိဆိုတော့ သမီးလေးက တလကို ၂ သိန်းခွဲ ၃ သိန်း ထိုင်းကနေ အဲဒီလိုလေး ပါးတဲ့အတွက်ကြောင့်မို့လို့ ဒါလေးကို ချွေတာပြီး စားနေရတာနော်။ ခက်ခက်ကြီးရယ်၊ ခက်တဲ့လူတွေ များတယ်။ ငါတို့ကတော့ သမီးလေးက ထမင်းဖိုး ထောက်ပံ့တယ်ထား။ ဟင်းဖိုးကတော့ ရှာစားဖွေစားပါ့။ အသက် ၆၃ နှစ်ရှိပါပြီ။ အသက်ကြီးတဲ့သူတွေ အများကြီး ပါပါတယ်။ ဒါ့ကြောင့် စားဝတ်နေရေးလည်း အခုတော်တော်လေး ကျပ်တည်းနေပါတယ်။ ဖွယ်ဖွယ်ရာရာကစပြီး ဈေးနှုန်းတွေကလည်း မြင့်တော့ အစားအသောက်တွေမှာ ချို့တဲ့မှုတွေ ရှိနေပါတယ်။ မစားနိုင်ပါဘူး။ အခု နောက်ဆက်တွဲမှာဆိုလို့ရှိရင် ဆောင်းပိုင်းကို ရောက်ပါတော့မယ်။ အနွေးထည် စောင်တို့ဆိုရင် အခုဆောင်းပိုင်းအတွက် ပိုပြီးအရေးကြီးနေပါတယ်။” လို့ ပြောပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါနယ်ဟာ ချင်း-စစ်ကိုင်း-မကွေး လမ်းပန်းဆက်သွယ်ရေးမှာ အဓိကကျတဲ့ နေရာမှာရှိနေပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် သယ်ယူပို့ဆောင်ရေးတွေ ရပ်တန့်ပြီး ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်တဲ့ဒဏ်ကို ပြည်သူတွေ ရင်ဆိုင်နေရတာပါ။ 

စစ်ဘေးရှောင်စခန်းတွေကို ရောက်ခါစတုန်းကတော့ ပါလာတဲ့ငွေကြေးနဲ့ သုံးစွဲခဲ့ကြပြီး အချိန်ကြာလာချိန်မှာ ဘာအထောက်အပံ့မှမရှိတဲ့အတွက် အခက်အခဲတွေ ကြုံနေရတယ်လို့ စစ်ရှောင်အမျိုးသားတယောက်က ပြောပါတယ်။

“ဘယ်ကမှလည်း ထောက်ပံ့ကြေးဆိုတာမျိုးလေးတွေက မရှိတဲ့အခါကျတော့ သူသူကိုယ်ကိုယ် ခက်ခဲမှုတွေ ရှိတယ်ဗျ။ အဲဒါ ကျနော်တို့မှာ နေရထိုင်ရတာ သက်ကြီးရွယ်အိုတွေလည်း ပါတယ်ဗျ။ ရက်ကန်းစင်လေးကို လုပ်ပြီးမှ ကျနော်တို့မှာ ပိုက်ဆံအရင်းအနှီးမရှိတော့ ဒီအတိုင်းပဲ ရပ်ထားရတယ်ဗျ။ အဲဒါလေးတွေကိုလည်း ဖြစ်နိုင်မယ်ဆိုရင် အကူအညီလေးတွေ လိုအပ်တယ်လို့ ပြောချင်ပါတယ်။”

မြိုင်နန်းစံ ၂ စစ်ရှောင်စခန်းမှ ကျန်းမာရေးဝန်ထမ်းတယောက်က “ပြောချင်တာက စစ်ဘေးရှောင်မှာ ဖွင့်ထားတဲ့ ဆေးခန်းလည်းဖြစ်တာဆိုတော့ ဘာဆေးလည်ပတ်မှုမှလည်း မရှိဘူး။ စစ်ဘေးရှောင်မှာဆိုတော့ ပိုက်ဆံအခကြေးငွေယူပြီး ကုရမယ်ဆိုလည်း အဆင်မပြေတော့ ဆေးကတော့ အခက်အခဲရှိတာ၊ အဲဒီလိုမျိုးလေးတွေပေါ့။ အလှူရှင်ကကျတော့ ကျမတို့က မကြာသေးတော့ မသိလို့လားမသိဘူး မလာကြဘူးရှင့်။ အဲဒီလိုမျိုး အလှူရှင်တွေ ရှိတယ်ဆိုရင်လည်း စစ်ဘေးရှောင်တွေမှာ ဖွင့်ထားတဲ့ ဆေးခန်းလေး တကယ်ကို လိုအပ်တဲ့ နေရာလေးမှာ လှူပေးစေချင်တယ်ရှင့်” လို့ ပြောပါတယ်။

မကွေးတိုင်း ထီးလင်း၊ ဆော၊ ဂန့်ဂေါမြို့နယ်တို့ ပါဝင်တဲ့ ယောနယ်မှာ ဒေသအများစုကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပြီး မြို့ပေါ်နေရာတချို့ကိုသာ စစ်ကောင်စီက ထိန်းထားတာ ဖြစ်ပါတယ်။ အဲဒီမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက နှစ်နဲ့ချီပြီး ရိက္ခာနဲ့ သယ်ယူပို့ဆောင်ရေးလမ်းတွေ ဖြတ်တောက်ထားခဲ့တာကြောင့် စစ်ကောင်စီက လေကြောင်းကနေ ထောက်ပို့လုပ်ငန်းတွေ ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013