ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ပွန်ချောင်းတဖက်ကမ်းကို ရိက္ခာပို့နိုင်ဖို့ အတွက် ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဦးဆောင်ပြီး ဒရုန်းနဲ့ ရိက္ခာပေးပို့ခဲ့တယ်လို့ IEC လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန၊ ဒုဌာနမှူး Maw ReeRe က ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက်မှာ ပွန်ချောင်းရဲ့ တဖက်ကမ်းကို ရိက္ခာပို့ဖို့အတွက် စက်လှေ မလုံလောက်သေးတာကြောင့် ဒရုန်းနဲ့ ပထမဆုံးအကြိမ် စမ်းသပ်ပို့ဆောင်ရာမှာ အောင်မြင်ခဲ့တာကြောင့် ဆက်လက်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
“လှေနဲ့သွားပြီးမှပဲ စားနပ်ရိက္ခာ ထောက်ပံ့ပေးတာရှိတယ်။ စက်လှေ အရေးပေါ် ရောက်မလာခင်က ဒရုန်းနဲ့ စားနပ်ရိက္ခာသယ်ပြီး သူတို့နားကို ပို့ပေးတာပေါ့နော်။ ရေဘေးဖြစ်တဲ့နေရာတွေက များတော့ အကူအညီလိုလာတယ်။ တခြားလမ်းကြောင်းတွေ စဥ်းစားလို့မရရင် ကျမတို့ ဒရုန်းကို အသုံးပြုပြီး ရိက္ခာဆက်ပို့ဖို့တော့ ရှိတယ်ပေါ့နော်။ ဒရုန်းအသုံးပြု နည်းပညာနဲ့ ရိက္ခာပို့တာကတော့ ဒါ ပထမဆုံးပါပဲ။”
ဒရုန်းနဲ့ ပွန်ချောင်းတဖက်ကမ်းက စစ်ရှောင်စခန်းတခုကို ရိက္ခာဝေမျှခဲ့ပြီး စက်လှေရောက်လာချိန်မှာတော့ တခြားနေရာတွေနဲ့ အကူအညီလိုအပ်တာတွေကို လူကိုယ်တိုင် သွားရောက်ကူညီခဲ့တယ်လို့ ဆိုပါတယ်။
ပွန်ချောင်းတလျှောက်က စစ်ရှောင်တဲအိမ် ၁,၀၀၀ ကျော်မှာ ၃၀၀ ကျော်က ရေထဲမျောပါ ပျက်စီးခဲ့ပြီး အိုးခွက်ပန်းကန်တွေနဲ့ အသုံးအဆောင်တွေပါ ဆုံးရှုံးသွားတာကြောင့် စစ်ရှောင်တွေ ခက်ခဲနေတဲ့အတွက် ခုလက်ရှိအချိန်မှာတော့ နေအိမ် ပြန်လည်တည်ဆောက်ပေးတာတွေ၊ စားနပ်ရိက္ခာနဲ့ မိုးကာတွေ လှူဒါန်းတာတွေကို ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ဘေးအပြင် ရေဘေး အခက်အခဲတွေကြောင့် နေအိမ်ပျက်စီးခဲ့ရတာ၊ အိုးခွက်ပန်းကန်တွေ အသုံးအဆောင်တွေ ဆုံးရှုံးခဲ့ရတာ၊ နာမကျန်းဖြစ်တဲ့သူ များပြားတာတွေကြောင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေသေးတယ်လို့ သိရပါတယ်။