Home
မြန်မာသတင်း
ကျွန်းလှနှင့် မိုးဗြဲကို လေကြောင်းက တိုက်ခိုက်သဖြင့် အိမ်တချို့ပျက်စီး
DVB
·
November 17, 2024

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာကို စစ်တပ်က နိုဝင်ဘာ ၁၆ ရက်နေ့မှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်အစပ်က မိုးဗြဲမြို့နယ် အနောက်ဘက်ခြမ်းကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာကို နိုဝင်ဘာ ၁၆ ရက် ညနေ ၅ နာရီလောက်မှာ မိတ္ထီလာမြို့ ရှမ်းတဲလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာ ပစ်ခတ်တိုက်ခိုက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိဘဲနဲ့ကို လာပစ်တာ။ ပစ်တဲ့ အလုံးအရေအတွက်က ၂ လုံးပါဗျ။ ရွာထဲက စက်သုံးဆီရောင်းတဲ့ဆိုင်ကိုထိမှန်ပြီး အိမ်ကတော့ မီးလောင်ရပါတယ်ဗျ။ အနီးအနားက အိမ်တွေလည်း မီးလာင်နိုင်ပါတယ်။ ရွာသားတွေကတော့ လေယာဉ်လာပြီလို့ အိုက်ကွန်(icom)သတင်းရတာနဲ့ ရွာထဲကနေ ထွက်ပြေးသူ‌‌က ပြေးပေါ့။ အခုကတော့ ရွာထဲလူမရှိတော့ဘူး။ လူအသေအပျောက်ကတော့ ရှိနိုင်တယ်ဗျ။ ကင်းထောက်ဒရုန်းကလည်း ရွာပေါ်ကနေ ဝဲနေတုန်းဗျ။ ကင်းထောက်ဒရုန်းဝဲပြီး လေယာဉ်နဲ့ လာပစ်တာဆိုတော့ ရွာသားတွေ ရွာထဲမဝင်ရဲသေးဘူးဗျ” လို့ ပြောပါတယ်။

ရွာကုန်းကြီးရွာဟာ ကျွန်းလှမြို့အနောက်ဘက်မှာရှိပြီး အိမ်ခြေ ၃၀၀ နီးပါးရှိတဲ့ ကျေးရွာ တရွာဖြစ်ပါတယ်။

ကျွန်းလှမြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက “ရွာကုန်းကြီးရွာကို လေယာဉ်နဲ့ စစ်တပ်က ၆ နာရီခွဲမှာ တကြိမ်၊ ၇ နာရီကျော်မှာ တကြိမ် စုစုပေါင်း ၂ ကြိမ်လုပ်သွားတယ်။ လူအသေအပျောက်တော့ မရှိဘူးဗျ။ ဒါပေမဲ့ ဆီဆိုင်တဆိုင်နဲ့ အဝတ်ထည်ဆိုင်တဆိုင် မီးလောင်တယ်ဗျ။ ပစ်တာက Rocket ၂ လုံးနဲ့ ပစ်ခတ်တယ်ဆိုတဲ့သတင်းကအတည်ဖြစ်တယ်ဗျ” လို့ ပြောပါတယ်။

ရွာကုန်းကြီးရွာကို ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့ကလည်း အခုလို လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းကလည်း ရွာကိုဝင်ရောက်ပြီး အကြိမ်ကြိမ်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်အစပ်က မိုးဗြဲအနောက်ဘက်ခြမ်းကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံနဲ့ နီးစပ်သူတွေက ပြောပါတယ်။

တန်ဆောင်မုန်းလပြည့်ည ၁၀ နာရီကျော်အချိန်လောက်မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီဂ အိမ် ၃ လုံး ထိခိုက် ပျက်စီးခဲ့ပေမဲ့ လူတွေတော့ ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။

ဒေသခံတယောက်က “သူတို့အထိနာလို့ လေယာဉ်ကြဲတာနဲ့တူတယ်။ သိတဲ့အတိုင်းပဲ။ လေယာဉ်လာကြဲတာ နှစ်ချက်ကြားရတယ်။ မိုးဗြဲအနောက်ဘက် ရွာတရွာမှာပေါ့။ အိမ် ၃ လုံး ပျက်စီးတယ်ကြားတယ်” လို့ ပြောပါတယ်။

မိုးဗြဲမှာ နိုဝင်ဘာ ၁၄ ရက်ကစပြီး စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေရှိနေပေမယ့် အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

မိုးဗြဲကနေ တခြားနေရာတခုကို စစ်ရှောင်နေတဲ့ အမျိုးသမီးတယောက်က “ကျမတို့က စစ်ရှောင်နေတာ ကြာနေပြီ။ မိုးဗြဲမှာ ဘာတွေဆက်ဖြစ်နေလဲ မသိတာကြာပြီ။ အိမ်ရော အကောင်းတိုင်းလေး ရှိသေးရဲ့လားတောင် မသိဘူး။ စစ်ရှောင်တာ ၂ နှစ်လောက်ရှိပြီ” လို့ ပြောပါတယ်။

စစ်ရေးခဏတာငြိမ်နေချိန်မှာ မိုးဗြဲအနီးတဝိုက်မှာ ပြန်လည်နေထိုင်သူတချို့ရှိပေမယ့် ခုရက်ပိုင်း စစ်ရေးပြန်လည်ပြင်းထန်ချိန်မှာ စစ်ပြန်ရှောင်နေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကား အစီး ၅၀ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ထဲကို ရောက်ရှိနေတဲ့အတွက် အနီးအနားပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013