ကချင်ပြည်နယ် ဖားကန့် တပ်မကုန်းမှာ နိုဝင်ဘာ ၁၆ ရက် ညနေ ၄ နာရီလောက်က စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ် ၂ စီးလာဆင်းပြီး လက်နက်နဲ့ စစ်သားအင်အား လာချသွားတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
စစ်ရဟတ်ယာဉ်တစီးက အပေါ်က လုံခြုံရေးကင်းထောက်ယူပေးပြီး အပြန်မှာ ကင်းထောက်လုံခြုံရေးယူပေးတဲ့ စစ်ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“တစီးက အပေါ်က လုံခြုံရေးယူပေးပြီး တစီးက လက်နက်နဲ့ စစ်သားတွေ လာချသွားတယ်။ အဲဒီကင်းထောက်ပေးတဲ့ ရဟတ်ယာဉ်က အပြန်မှာ မော်မှော်ကုန်းဘက်ကို ပစ်သွားတယ်။ မော်မှော်ကုန်း KBC နှစ်ခြင်းဘုရားကျောင်းကိုလေယာဉ်ပေါ်က ပစ်တာ ထိတာတွေရှိတယ်။ ဒီလထဲမှာပဲ လက်နက်တွေ စစ်သားတွေ လာချတာ ၄ ခေါက်ရှိပြီ။”
နိုဝင်ဘာ ၁၀ ရက်ကလည်း စစ်ရဟတ်ယာဉ်တွေနဲ့ ဖားကန့်တပ်မကုန်းမှာ ၂ ကြိမ် လက်နက်နဲ့ စစ်သားလာချချိန် ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေ ပစ်ခတ်တာကြောင့် စစ်ရဟတ်ယာဉ်ပေါ်ကနေ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
“လောလောဆယ် ဖားကန့်တပ်မကုန်း စစ်ကောင်စီတပ်တွေ ရှိတယ်။ မရှီကထောင်က ရခိုင်ကုန်းမှာ စစ်ကောင်စီတွေ နေရာအများကြီး ယူထားတယ်။ ဖားကန့်ရဲစခန်း၊ မဇွပ်ယန်ထောင်၊ လယ်ပြင်ယမ်းချက်စခန်း၊ ကံဆီးဗျူဟာကုန်း၊ ကန်းဂေါင်ဘွမ်စခန်းတို့မှာ စစ်ကောင်စီတွေ ရှိသေးတယ်။”
စစ်ကောင်စီတပ်တွေရဲ စစ်ရဟတ်ယာဉ်တွေ လာတဲ့အခါ KIA ပူးပေါင်းတပ်တွေ ပစ်ခတ်တာကြောင့် စစ်ရဟတ်ယာဉ်ပေါ်ကလည်း ရမ်းသမ်းပစ်ခတ်တာတွေ ရှိနေပြီး ဒေသခံတွေကတော့ စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်ကလည်း ဖားကန့်မြို့ ဆိုင်းတောင်ရွာမှာ ကောင်စီတပ်တွေ တပ်စွဲထားတဲ့ လပ်ကီးမန်းဟိုတယ်ကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတက်တွေက ဖားကန့်တပ်မကုန်းမှာ လက်နက်အင်အားနဲ့ စစ်အင်အားဖြည့်တင်းနေတာ ဖြစ်ပါတယ်။
ဆိုင်းတောင်ရွာ ဒေသခံတချို့က နေရပ်ပြန်နေထိုင်နေကြပြီဖြစ်ပေမဲ့ ဖားကန့်မြို့ပေါ်က ဒေသခံတွေကတော့ ပြန်မလာကြသေးပါဘူး။