ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။
ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားမှုမရှိပေမဲ့ နိုဝင်ဘာ ၁၅ ရက်၊ ၁၆ ရက်နဲ့ ၁၇ ရက်အထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ရှိသူက “စကစရဲ့ လေကြောင်းတိုက်ခိုက်မှုက နေ့တိုင်းရှိနေတာပါ။ အရင်ကတည်းက လေယာဥ်ကြဲထားတော့ အိမ်တွေလည်း မရှိတော့ပါဘူး။ ဒီနေ့လည်း လာကြဲပါသေးတယ်” လို့ ပြောပါတယ်။
ဖားဆောင်းမှာ စစ်ကောင်စီတပ်ရဲ့ ခလရ ၁၃၄ နဲ့ ၁၃၅ စခန်းတို့ပဲ ကျန်ရှိနေတဲ့အတွက် တပ်သားတွေ စခန်းဂူထဲကနေ မထွက်ဘဲ လေကြောင်းကနေ လေထီးနဲ့ ရိက္ခာပေးပို့တာမျိုးတွေ တခါတလေ ပြုလုပ်တာရှိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့ တော်လှန်ရေးတပ်တွေ ရှိနိုင်တယ်ထင်တဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေတာကို တွင်တွင်ကျယ်ကျယ် ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။
နိုဝင်ဘာလ နှစ်ပတ်တာကာလအတွင်း ဖားဆောင်းမြို့၊ ရွာ၊ ရပ်ကွက်တွေထဲကို လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာကြောင့် နေအိမ်ပြန်ကြည့်တဲ့ ပြည်သူတွေအနေနဲ့ အသိ သတိနဲ့ သွားလာနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။