လက်ဘနွန်နိုင်ငံရဲ့ မြို့တော် ဘေရွတ်မြို့က လူနေထူထပ်တဲ့ ရက်စ်အယ်လ်နာဘား ခရိုင်ထဲက အဆောက်အဦတခုကို အစ္စရေးက တိုက်ခိုက်ခဲ့လို့ ဟစ်ဇ်ဘိုလာတွေရဲ့ ထိပ်တန်းပြောခွင့်ရသူ မီဒီယာဆက်ဆံရေး အကြီးအကဲ မိုဟာမက် အာဖီဖ်ဟာ နိုဝင်ဘာ ၁၇ ရက်မှာ သေဆုံးသွားခဲ့ပြီလို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။
ပျက်စီးသွားတဲ့ အဆောက်အဦရဲ့ အပျက်အစီးတွေကို ဖယ်ရှားဖို့ အခင်းဖြစ်ပွားရာနေရာကို တူးဖော်သူတွေ ချက်ချင်းရောက်လာခဲ့တာပါ။
တိုက်ခိုက်မှုကြောင့် လူတယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အာဖီဖ်သေဆုံးမှုသတင်းကို ဟစ်ဇ်ဘိုလာတွေနဲ့ ညှိုနှိုင်းထားတဲ့ လက်ဘနွန် သတင်းကွန်ရက် အယ်လ် မာယာဒင်းန်းက ဖော်ပြခဲ့သလို လက်ဘနွန်လုံခြုံရေး သတင်းရင်းမြစ် ၂ ယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ပြောခဲ့ပါတယ်။
အစ္စရေးစစ်တပ်က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့သလို ဟစ်ဇ်ဘိုလာအဖွဲ့ဆီက ချက်ချင်း အတည်ပြုချက် တစုံတရာ မရသေးပါဘူး။
အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာ ပြောခွင့်ရရဲ့ နေရာကို မတိုက်ခိုက်မီ အဲဒီဒေသမှာ ဘေးလွတ်ရာရွှေ့ဖို့ လူမှုကွန်ရက်မီဒီယာ X မှာ အမိန့်မပေးခဲ့ပါဘူး။
လူနေထူထပ်တဲ့ ရပ်ကွက်ထဲကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ တကယ် ကြောက်စရာကောင်းတယ်လို့ ဘေရွတ်မြို့ခံတွေက ပြောပါတယ်။
အာဖီဖ်ဟာ စက်တင်ဘာ ၂၇ ရက်က ဘေရွတ်မြို့ တောင်ပိုင်း ဆင်ခြေဖုံးကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်လို့ သေဆုံးခဲ့တဲ့ ဟစ်ဇ်ဘိုလာ အထွေထွေအတွင်းရေးမှူးဟောင်း ဟတ်ဆန် နတ်စ်ရာလာရဲ့ ဝါရင့် မီဒီယာအကြံပေးတယောက် ဖြစ်ပါတယ်။
သူဟာ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ မီဒီယာဆက်ဆံရေးရုံးမှာ ပြောင်းပြီး တာဝန်မထမ်းဆောင်မီက နှစ်အတော်ကြာအောင် ဟစ်ဇ်ဘိုလာတွေရဲ့ အယ်လ်မာနာ ရုပ်မြင်သံကြားဌာနကို စီမံခန့်ခွဲခဲ့သူလည်း ဖြစ်ပါတယ်။
Source : Reuters