Home
မြန်မာသတင်း
ကျွန်းလှတွင် စစ်တပ် လေကြောင်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
November 18, 2024

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ လိပ်ဆင်းတောင်ရွာဝန်းကျင်ကို နိုဝင်ဘာ ၁၇ ရက် ညနေ ၄ နာရီ ၂၀ မိနစ်မှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ အကြောင်းမဲ့ ပစ်ခတ်သွားလို့ ပြည်သူတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လိပ်ဆင်း‌တောင်ရွာဟာ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ရဲ့ အနောက်ခြမ်းမှာတည်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့နေရာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “ဘာသတင်းရလို့ လာပစ်တာလဲတော့ မသိဘူး။ မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မဖြစ်ဘူးရယ်။ လာပစ်တာက ရွာပတ်ပတ်လည်ကို ပစ်သွားတယ်။ ပစ်ခတ်မှုကြောင့် ကားဝပ်ရှော့ကို ထိမှန်ပြီး ကားတွေမီးလောင်တယ်ဗျ။ အသက် ၅၀ ဝန်းကျင် အမျိုးသားတဦး သေဆုံးပြီး အခြားပြည်သူ ၂ ဦးလည်း ကျည်စထိမှန်တယ်။ နောက်ထပ်လာပစ်ခံရမှာ ကြောက်လို့ ကျမတို့ ရွာအပြင် ထွက်ရှောင်နေကြရတယ်” လို့ ပြောပါတယ်။

ကျွန်းလှမြို့နယ်၊ လိပ်ဆင်းတောင်ရွာဟာ အိမ်ခြေ ၃၀၀ ကျော်ရှိကာ ဒေသခံအများစုကတော့ မိရိုးဖလာ တောင်ယာလုပ်ငန်းကို လုပ်ကိုင်‌နေကြတာလို့ သိရပါတယ်။

ကျွန်းလှမြို့နယ် သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက “ကနဦး Y12 လေယာဉ်နဲ့ လိပ်ဆင်းတောင်ရွာပေါ်ကို ၁ နာရီလောက်ပတ်ပြီး ကင်းထောက်တယ်ဗျ။ အဲဒီအချိန်ကို ကျနော်တို့ပြည်သူတွေ ဘေးလွတ်ရာကို ပုန်းရှောင်ဖို့ ဆက်သွယ်ရေးစက်ကနေ အသိပေးကြေညာတာတွေ လုပ်ဆောင်ခဲ့တယ်ဗျ။ အဲလိုပြုလုပ်ခဲ့လို့လည်း ပြည်သူတွေ ရှောင်တိမ်းချိန်ရပြီး ထိခိုက်သေဆုံးတာ နည်းသွားရတယ်။ အသိပေးတာ မလုပ်ခဲ့လို့ကတော့ မတွေးဝံစရာဖြစ်မယ်” လို့ DVB ကို ပြောပါတယ်။

လိပ်ဆင်း‌ေတာင်ရွာကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၅ ရက် ညနေ ၃ နာရီခန့်ကလည်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ အခုလို လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013