Home
မြန်မာသတင်း
ရခိုင်တွင် တနှစ်အတွင်း လေကြောင်းအပါအဝင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၇၁၃ ဦး သေဆုံး 
DVB
·
November 18, 2024

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခု နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၄ ခု နိုဝင်ဘာ ၁၃ ရက်အထိ တနှစ်တာကာလအတွင်းမှာ စစ်ကောင်စီ ရဲ့ လေကြောင်းအပါအဝင် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြည်သူ ၇၁၃ ဦး သေဆုံးပြီး ၁၅၆၃ ဦး ဒဏ်ရာရှိခဲ့တယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (HDCO) က ဒီနေ့ နိုဝင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အရပ်သား သေဆုံးသူ အများဆုံးဟာ စစ်တွေမြို့နယ်ဖြစ်ပြီး ၁၀၈ ဦး၊ ဘူးသီးတောင်မြို့နယ်မှာ ၁၀၄ ဦး၊ မောင်တောမြို့နယ်မှာ ၈၅ ဦး၊ သံတွဲမြို့နယ်မှာ ၇၁ ဦး၊ မင်းပြားမြို့နယ် ၆၃ ဦး၊ မြောက်ဦးမြို့နယ်မှာ ၅၂ ဦး၊ ကျောက်တော်မြို့နယ်မှာ ၄၅ ဦး၊ တောင်ကုတ်မြို့နယ်မှာ အယောက် ၄၀၊ ပလက်ဝမြို့နယ်မှာ ၃၁ ဦး၊ ပေါက်တောမြို့နယ်မှာ ၂၅ ဦး၊ ဂွမြို့နယ်မှာ ၂၃ ဦး၊ မြေပုံမှာမြို့နယ် ၁၆ ဦး၊ အမ်းမြို့နယ်မှာ ၁၂ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ၁၁ ဦး၊ ရသေ့တောင်မြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်မှာ ၁၀ ဦး နဲ့ ရမ်းဗြဲမြို့နယ်မှာ ၇ ဦးတို့ဖြစ်ပါတယ်။

စစ်ဆင်ရေး တစ်နှစ်တာကာလအတွင်း သေဆုံးသူတွေထဲမှာ အမျိုးသား ၅၁၇ ဦး နဲ့ အမျိုးသမီး ၂၁၈ ဦး ပါဝင်ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၃၂ ဦးအထိ ရှိလာနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူအများဆုံးဟာ မောင်တောမြို့နယ်က ဖြစ်ပြီး ၃၈၄ ဦး၊ မင်းပြားမြို့နယ်မှာ ၁၉၇ ဦး၊ ဘူးသီးတောင်မြို့နယ်မှာ ၁၇၃ ဦး၊ ကျောက်တော်မြို့နယ်မှာ ၁၁၄ ဦး၊ သံတွဲမြို့နယ်မှာ ၁၀၇ ဦး၊ မြောက်ဦးမြို့နယ်မှာ ၉၁ ဦး၊ ပေါက်တောမြို့နယ်မှာ ၆၅ ဦး၊ မြေပုံမှာမြို့နယ် ၅၈ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ၅၄ ဦး၊ တောင်ကုတ်မြို့နယ်မှာ ၅၃ ဦး၊ စစ်တွေ၊ ပလက်ဝနဲ့ ကျောက်ဖြူ မြို့နယ်တို့မှာ ၄၈ ဦး၊ အမ်းမြို့နယ်မှာ ၄၀ ဦး၊ ရသေ့တောင်မြို့နယ်မှာ ၃၇ ဦး၊ ဂွမြို့နယ်မှာ ၂၈ ဦး နဲ့ ရမ်းဗြဲမြို့နယ်မှာ ၁၈ ဦးတို့ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ အမျိုးသား ၉၄၉ ဦး နဲ့ အမျိုးသမီး ၆၁၄ ဦး ပါဝင်ပြီး ၁၈ နှစ်အောက် ကလေးသူငယ် ၄၀၇ ဦးအထိ ရှိလာနေတယ်လို့ လည်း သိရပါတယ်။ 

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အခုရက်ပိုင်းအတွင်းမှာ အပြစ်မဲ့ အရပ်သားများ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှု အရေအတွက်ဟာ တဖြည်းဖြည်း တိုးလာနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကျောက်တော်မြို့ခံတယောက်က “လေယာဉ်သံ ကြားတာနဲ့ အိမ်အောက်ကို ဆင်းပြေးနေရပြီ၊ ဘယ်နေ့ ဗုံးကြဲချတာမှာ ပါသွားမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေနေရတယ်။ စိတ်အေးလက်အေးနဲ့ မအိပ်ရတာတောင် တော်တော်ကြာနေပြီ။ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေတာ တော်တော်ကြာနေပါပြီ၊ အားတင်းပြီး နေနေရတာပါပဲ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှု အခြေအနေဟာ အရပ်သားပြည်သူတွေအတွက် စိုးရိမ်ဖွယ်ရာအဆင့်ကို ရောက်ရှိနေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013