အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းတွေ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရဲ့ နယ်မြေဧရိယာအသစ်တွေမှာ တိုးချဲ့လာခဲ့ပြီး ဒီတရားမဝင်လုပ်ငန်းတွေကို စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားရာ မြို့နယ် ၄ ခုမှာ အခြေချ လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကိုးကန့်ဒေသမှာရှိခဲ့တဲ့ ကျားဖြန့်တွေကို မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်မှာ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ကျားဖြန့်တွေဟာ လားရှိုးမြို့ရဲ့ အရှေ့တောင်ဘက် ၈၃ မိုင်အကွာရှိ တန့်ယန်းကို ပြောင်းရွှေ့ အခြေချလာခဲ့တာ ဖြစ်ပါတယ်။
တန့်ယန်းမြို့မှ ဒေသခံတဦးက “တန့်ယန်းမှာ ဝန်ထမ်းရာပေါင်းများစွာနဲ့ လည်ပတ်နေတဲ့ အဓိက ကျားဖြန့်စင်တာကြီး ၃ ခုကျော် ရှိတယ်။ ဒီစင်တာတွေကို စစ်သားတွေ၊ ရဲတွေနဲ့ မြို့နယ်ထွေအုပ်က အရာရှိတွေအပါအဝင် စစ်တပ်အာဏာပိုင်တွေက အကာအကွယ်ပေးထားတာ” လို့ ပြောပါတယ်။
ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားမှုတွေ ကူးစက်မလာစေဖို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သူ့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့အတွက် ဇူလိုင် ၁၁ ရက်မှာ UWSA ဟာ တန့်ယန်းမြို့မှာ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို တပ်ဖြန့်ချထားခဲ့ပါတယ်။
တန့်ယန်းဒေသခံတယောက်က “ကျားဖြန့်တွေမှာ စစ်တပ်ရော၊ တိုင်းရင်းသားအဖွဲ့တွေရော အားလုံး ပါဝင်ပတ်သက်နေတာပါ။ ဒီလုပ်ငန်းတွေကြောင့် လူငယ်တွေရဲ့ ဘဝတွေ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရပြီး တချို့လူငယ်တွေဆို မူးယစ်ဆေးဝါးကြောင့် အသက်ဆုံးရှုံးကြရတယ်” လို့ ပြောပါတယ်။
အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (USIP) ညွှန်ကြားရေးမှူး ဂျေဆန်တာဝါကတော့ တန့်ယန်းမှာရှိတဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းစုတွေဟာ UWSA ရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ရှိနေတယ်လို့ DVB ကို ပြောပါတယ်။
“တန့်ယန်းမြို့နယ်ဆိုတာက မြန်မာစစ်တပ်နဲ့ UWSA တို့ကြား အပြန်အလှန် သဘောတူညီမှုနဲ့ ပူးတွဲအုပ်ချုပ်နေတဲ့ မြို့နယ်တခုပါ။ ဒီတော့ ကျားဖြန့်တွေ လည်ပတ်နိုင်အောင် သူတို့က အကာအကွယ်ပေးထားတယ်ဆိုတာ သိသာထင်ရှားပါတယ်”လို့ မြန်မာနိုင်ငံတဝန်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ပျံ့နှံ့လာမှုကို လေ့လာစောင့်ကြည့်မှုတွေ လုပ်ဆောင်နေတဲ့ ဂျေဆန်တာဝါက ပြောပါတယ်။
ကျားဖြန့်စင်တာတွေဟာ တန့်ယန်းတင်မက လားရှိုးမြို့ရဲ့ တောင်ဘက် ၅၆ မိုင်ဝန်းကျင် အကွာမှာရှိတဲ့ မိုင်းရယ်မြို့နယ်က မိုင်းဟ ပြည်သူ့စစ် ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း နေရာရွှေ့ပြောင်း လုပ်ကိုင်လာခဲ့ကြပါတယ်။ မိုင်းရယ်မြို့ကိုတော့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က ဇူလိုင်လကတည်းက သိမ်းပိုက် ထားတာပါ။
မိုင်းရယ်ဒေသခံတယောက်က “တရုတ်နယ်စပ်မှာရှိတဲ့ ကျားဖြန့်တွေ အရှင်းလင်းခံရချိန်မှာ မိုင်းဟ ပြည်သူ့စစ်ရဲ့ နယ်မြေထဲကို ကျားဖြန့်တွေ ရွှေ့ပြောင်းလာခဲ့ပြီး မန်ကြူရွာအနီးအနားမှာ ဝန်ထမ်းပေါင်း ၃,၀၀၀ လောက်နဲ့ ငွေလိမ်လုပ်ငန်းတွေ လုပ်နေကြတာ” လို့ DVB ကို ပြောပါတယ်။
ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့ပါဝင်တဲ့ ညီနောင် ၃ ဖွဲ့ဟာ ဩဂုတ်လ ၃ ရက်နေ့မှာ လားရှိုးမြို့ကို ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီဟာ သူ့ရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို မိုင်းရယ်မှာ ရွှေ့ပြောင်း အခြေစိုက်ခဲ့ပါတယ်။
မိုင်းရယ်မြို့က တခြားဒေသခံတဦးကတော့ “ကျားဖြန့်တွေဟာ မိုင်းရယ်မြို့နဲ့ ၂၅ မိုင်အကွာလောက်မှာ လုပ်ကိုင်နေကြတာပါ။ သူတို့ဟာ အင်တာနက်ရဖို့အတွက် ဖိုက်ဘာကြိုးဆွဲနိုင်ဖို့ မြန်မာ့စာတိုက်နဲ့ ကြေးနန်းလုပ်ငန်း (MPT) နဲ့ ချိတ်ဆက်လုပ်ကိုင်ခဲ့တာ” လို့ ပြောပါတယ်။
ကျားဖြန့် လုပ်ငန်းစုတွေဟာ မိုင်းရယ်မြို့ရဲ့ တောင်ဘက် ၄၃ မိုင်အကွာရှိ ဝန်ဟိုင်ကျေးရွာမှာလည်း အခြေစိုက် လုပ်ကိုင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲဒီဝန်ဟိုင်ကျေးရွာဟာ UWSA ရဲ့ မိတ်ဖက်ဖြစ်တဲ့ SSPP ရဲ့ ဌာနချုပ်တည်ရှိရာ နေရာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကျားဖြန့်တွေဟာ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးရဲ့ အရှေ့ဘက် ၈၉ မိုင်အကွာလောက်မှာရှိတဲ့ လဲချားမြို့နယ်မှာလည်း အခြေစိုက် လုပ်ကိုင်နေပြီး စစ်ကောင်စီသစ္စာခံ ပြည်သူ့စစ်တွေက ကာကွယ်စောင့်ရှောက်ပေးထားတယ်လို့ လဲချားဒေသခံတဦးက ပြောပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ကျားဖြန့်တွေဟာ တရုတ်နယ်စပ်တလျှောက်မှာ စားကျက်တွေ ချဲ့ထွင်လာခဲ့တာလို့ ကုလသမဂ္ဂက ပြောပါတယ်။
တရုတ်နိုင်ငံသားတွေကို လူကုန်ကူးပြီး အဓမ္မအလုပ်စေခိုင်းနေတဲ့ ပြည်သူ့စစ် ထိန်းချုပ်ထားရာ နယ်မြေတွေမှာရှိတဲ့ ကျားဖြန့်စင်တာတွေကို စစ်ကောင်စီက ရှင်းလင်းအရေးယူပေးဖို့ ပျက်ကွက်ခဲ့တာနဲ့ပတ်သက်လို့ တရုတ်နဲ့ စစ်ကောင်စီကြား ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိခဲ့ပါတယ်။
ဒါကြောင့်ပဲ တရုတ်ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို မီးစိမ်းပြခဲ့တာ ဖြစ်နိုင်တယ်လို့ တရုတ်-မြန်မာအရေး နိုင်ငံရေး လေ့လာသုံးသပ်သူ အတော်များများက ယုံကြည်ထားကြပါတယ်။
အခုလအစောပိုင်းက ဩစတြီးယားနိုင်ငံ၊ မြို့တော် ဗီယင်နာမှာ ကျင်းပခဲ့တဲ့ ၁၂ ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး ကုလသမဂ္ဂညီလာခံမှာ ဩစတြီးယားနိုင်ငံဆိုင်ရာ စစ်ကောင်စီသံအမတ်ကြီး ဦးမင်းသိန်းက မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ကျားဖြန့်တွေကို စစ်ကောင်စီအနေနဲ့ ရှင်းလင်းအရေးယူမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျုက ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း ကျားဖြန့်တွေ အားကောင်းလာခဲ့ကြောင်း ဖော်ပြထားပြီး အွန်လိုင်း ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေကို အတင်းအကျပ် စေခိုင်းဖို့အတွက် အဲဒီကျားဖြန့်စင်တာတွေမှာ နိုင်ငံတဝန်းမှ လူပေါင်း ၁၂၀,၀၀၀ ထက်မနည်း ထိန်းသိမ်းခံထားရနိုင်ခြေ ရှိတယ်လို့ ကုလသမဂ္ဂကလည်း ပြောကြားထားပါတယ်။