မြန်မာစစ်အာဏာရှင် အသုံးပြုနေတဲ့ စီးပွားရေးဘဏ်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ အမေရိကန်အစိုးရကို မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
ဒါဇင်နဲ့ချီ ပါဝင်တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက အမေရိကန်နိုင်ငံခြားရေးနဲ့ ဘဏ္ဍာရေး ဌာနတွေဆီ လိပ်မူပြီးတော့ နိုဝင်ဘာ ၁၈ ရက်မှာ စာပေးပို့ တောင်းဆိုလိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်ကို ပိတ်ဆို့ အရေးယူတာတွေလုပ်ဖို့နဲ့ ဒေါ်လာကို အခြေခံတဲ့ ငွေကြေးစနစ်ကို မသုံးနိုင်ဖို့ ပိတ်ဆို့ပြီး တခြားအစိုးရတွေကိုလည်း အလားတူ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။
ပေးစာပို့တဲ့အထဲ ပါဝင်တဲ့ ရိုဟင်ဂျာအရေး အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ရဲ့ အမှု ဆောင်ဒါရိုက်တာ မစ္စတာ ဆိုင်မွန်ဘီးလင်းနက်စ်က “စစ်အစိုးရဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ဆက်လက်ပြီးတော့ ထိန်းထားနိုင်ဖို့က နိုင်ငံခြားဘဏ်တွေ၊ လေယာဉ်ဆီရောင်းချသူတွေနဲ့ လက်နက်ရောင်းဝယ်သူတွေအပေါ်မှာ မူတည်နေပါတယ်” လို့ ပြောပါတယ်။
လတ်တလောမှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီစာကို လက်ခံရရှိထားပေမဲ့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။
အမေရိကန်အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲမှာ စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင် ဘဏ်နှစ်ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တွေကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် မြန်မာစစ်တပ်က လက်နက်တွေ ဝယ်ယူဖို့နဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုအပါအဝင် ဒေါ် လာသန်းရာချီ ဝင်ငွေရရှိနိုင်ဖို့ မြန်မာ့စီးပွားရေးဘဏ်ကို ပြောင်းလဲအသုံးပြုခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ ဇွန်လတုန်းက ထုတ်ပြန်တဲ့ ကုလသမဂ္ဂအစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင် တက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပေါ်လာခဲ့တာဖြစ်ကာ သူ့ရဲ့ အစိုးရအဖွဲ့ဟာ မြန်မာနိုင်ငံက ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ချက်ချင်းရပ်ဆိုင်းခဲ့သလို စစ်ခေါင်းဆောင်တွေနဲ့ ဆက်စပ် စီးပွားရေးလုပ်ငန်းတွေအပေါ် တဖြည်းဖြည်း ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တာပါ။
လာမယ့် ဇန်နဝါရီ ၂၀ ရက်မှာ မစ္စတာဘိုင်ဒင် ရာထူးတာဝန်ပြီးဆုံးမှာ ဖြစ်ပေမဲ့လည်း အမေရိကန် ကွန်ဂရက်လွှတ်တော်က ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် နှစ်ဖက်စလုံးက စစ်အာဏာရှင်ရဲ့ ၀င်ငွေရရှိမှုကို ငြင်းပယ်ဖို့ ကြိုးစားနေမှုကို ထောက်ခံထားကြသလို အဆိုပါ ငွေတွေကို မြန်မာစစ်အုပ်စုလက်ထဲ အရောက်ခံမှာမဟုတ်ဘူးလို့လည်း သတင်းမှာ ဖော်ပြပါတယ်။
Source: Reuters