Home
နိုင်ငံတကာ
အမေရိကန် တာဝေးပစ်ဒုံးကျည်သုံးပါက တုံ့ပြန်မည်ဟု ရုရှားသတိပေး
DVB
·
November 19, 2024
Photo : Reuters

ယူကရိန်းကသာ အမေရိကန် တာဝေးပစ်ဒုံးကျည်တွေ သုံးမယ်ဆိုရင် သင့်လျော်၊ မြင်သာတဲ့ တုံ့ပြန်မှုမျိုး ကြုံရမယ်လို့ ရုရှားက သတိပေးလိုက်ပါတယ်။

ရုရှားနယ်မြေထဲမှာသာ ဒီလိုတိုက်ခိုက်မှုမျိုး ရှိလာမယ်ဆိုရင် ရုရှားအပေါ် ရန်လိုမှုမှာ အမေရိကန်နဲ့ လက်ဝေခံတွေရဲ့ တိုက်ရိုက်ပါဝင်ပတ်သက်တဲ့သဘော သက်ရောက်မှာ ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို အမေရိကန်ဒုံးကျည်တွေ အသုံးပြုတိုက်ခိုက်ဖို့ သမ္မတဂျိုးဘိုင်ဒင်က အိမ်ဖြူတော်က မဆင်းပေးရမီ ၂ လအလိုမှာ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

တကျော့ပြန်သမ္မတ ဖြစ်လာမယ့် ထရမ့်ပ်နဲ့ ဘိုင်ဒင်အကြား ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တိုင်ပင်ထားခြင်းရှိမရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ထရမ့်ပ်က သူသမ္မတပြန်ဖြစ်တဲ့နေ့မှာတင် ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ပေးမယ်လို့ ကတိပေးထားပါတယ်။

ယူကရိန်းမှာ ကီလိုမီတာ ၃၀၀ အထိ ရောက်နိုင်တဲ့ အမေရိကန်ရဲ့ ATACMS ဒုံးကျည်တွေ အပြင် အလားတူအကွာအဝေးအထိ ရောက်နိုင်တဲ့ ပြင်သစ်နဲ့ ဗြိတိန် ဒုံးကျည်တွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ ရုရှားနယ်မြေထဲအထိ ပစ်ဖို့ မူလက ခွင့်မပြုထားပါဘူး။

ဘိုင်ဒင်ရဲ့ ဆုံးဖြတ်ချက်ဟာ နိုဝင်ဘာ ၁၉ ရက် စစ်ပွဲ ရက် ၁,၀၀၀ ပြည့်ချိန်မှာ အရေးပါတဲ့ အခိုက်တန့်တခု ဖြစ်လာပါတယ်။

ရုရှားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို အလုံးစုံ ကျူးကျော်ခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက်စလုံးက စစ်မြေပြင်မှာ မတိုးသာ မဆုတ်သာ အခြေအနေ ကြုံနေရချိန်မှာ ရုရှားက ယူကရိန်း အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁,၀၀၀ ကျော်လောက် ရုရှားဘက်က ဝင်တိုက်ပေးခဲ့အပြီးမှာ အခုလို ရုရှားနယ်မြေထဲ အမေရိကန်ဒုံးကျည်နဲ့ ပစ်ခွင့်ပေးတာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့ဝင် တသိန်းလောက်အထိ ရုရှားကို စေလွှတ်ဖို့ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

အမေရိကန်က ယူကရိန်းအတွက် လုံခြုံရေးအကူအညီတွေကို လာမယ့်ရက်ပိုင်းအတွင်း ထပ်ပေးသွားမယ်လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်ဒ်က  နိုဝင်ဘာ ၁၈ ရက်မှာ ပြောခဲ့ပါတယ်။

ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တာ ရက်ပေါင်း ၁,၀၀၀ ပြည့်ပြီ ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂက သတ်မှတ်လိုက်ချိန်မှာ ခုလိုပြောကြားခဲ့တာပါ။

အမေရိကန် အောက်လွှတ်တော်မှာ ယူကရိန်းကို ထောက်ခံအားပေးတာဟာ ပါတီစွဲပြဿနာ မဖြစ်သင့်ဘဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ရပ်တည်မှုဟာ ‘သေးငယ်တဲ့ နိုင်ငံရေးရဲ့ အထက်’ မှာရှိပြီး ဘယ်လို ခေါင်းဆောင်တဦးဦးထက်မဆို သာလွန်စေလိမ့်မယ်လို့လည်း သောမတ်စ် ဂရင်းဖီးလ်ဒ်က ပြောပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်ခဲ့တာ ရက်ပေါင်း ၁,၀၀၀ မြောက်တဲ့နေ့ကို နိုဝင်ဘာ ၁၉ ရက်အဖြစ် ယူကရိန်းက သတ်မှတ်ခဲ့ပါတယ်။

ပင်ပန်းနွမ်းနယ်နေတဲ့ တပ်ဖွဲ့ဝင်တွေက စစ်မျက်နှာစာအများအပြားမှာ တိုက်ပွဲဝင်နေဆဲပါ။ မြို့တော် ကိယက်ဗ်ကတော့ မကြာခဏဆိုသလို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ဝိုင်းရံခံထားရတာပါ။

ခြိမ်းခြောက်ခံနေရတဲ့ ယူကရိန်းနိုင်ငံအတွက် အားပေးရာမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရုရှားနိုင်ငံအတွင်းပိုင်း ပိုနက်ရှိုင်းတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အမေရိကန်က ယူကရိန်းကို ပံ့ပိုးပေးထားတဲ့ ဒုံးကျည်တွေကို သုံးနိုင်တယ်လို့ မီးစိမ်းပြခဲ့ပြီး ရက်ပိုင်းအတွင်း ခုလို ထပ်ပြီး ကြေညာတာလည်း ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013