လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့လယ်မှာ နိုဝင်ဘာ ၁၈ ရက်က အစ္စရေးရဲ့ ဒုံးကျည် ၂ စင်း ထိမှန်ခဲ့ပြီးနောက် အနည်းဆုံး လူ ၄ ယောက် သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
လက်ဘနွန်အစိုးရရုံးစိုက်ရာ ဘေရွတ်မြို့ အလယ်ပိုင်းနဲ့ သိပ်အလှမ်းမဝေးတဲ့ အကွာအဝေးရှိ ဇီကွတ် အယ်လ်ဘလာ့ထ် ဧရိယာက တိုက်ခိုက်ခံရတဲ့နေရာမှာ မီးခိုးတွေ ထွက်နေပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့နေရာဟာ အနောက်အာရှဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် အဆောက်အအုံနဲ့လည်း နီးပါတယ်။
အစ္စရေးဟာ အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ကို ဆန့်ကျင်တိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်လာချိန်မှာ အစ္စရေးက မြို့တော်အတွင်း ပစ်မှတ်ကို ဒုတိယအကြိမ်မြောက် ဆက်တိုက်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လက်ဘနွန်မြို့တော်နဲ့ အနီးတဝိုက်ရှိ ပစ်မှတ်တွေကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပစ်အခတ်ရပ်စဲရေး ရရှိစေဖို့ ရည်ရွယ်တဲ့ အမေရိကန်ဦးဆောင် သံတမန်ရေးရာ လှုပ်ရှားမှု လက္ခဏာတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင် တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။
အစ္စရေးဟာ စက်တင်ဘာလ နှောင်းပိုင်းကတည်းက ဟစ်ဇ်ဘိုလာကို ကြီးကြီးမားမား ထိုးနှက်တိုက်ခိုက်နေတာဖြစ်ပြီး ဟစ်ဇ်ဘိုလာခေါင်းဆောင် ဆေယစ်ဒ် ဟက်ဆန် နက်စ်ရယ်လာကို လုပ်ကြံသတ်ဖြတ်မှု၊ လက်ဘနွန်ရဲ့ ကျယ်ပြန့်တဲ့ နယ်မြေဧရိယာတွေကို လေကြောင်းမှ တိုက်ခိုက်မှုတွေနဲ့ လက်ဘနွန်တောင်ပိုင်းကို တပ်စေလွှတ်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Source : Reuters