Home
နိုင်ငံတကာ
အစိုးရအဖွဲ့တွင် အစ္စရေး လိုလားသူများကို ရွေးချယ်မှုကြောင့် ထရမ့်ပ်ကို မဲပေးခဲ့သည့် မွတ်စလင်များ စိတ်ပျက်
DVB
·
November 17, 2024
Photo: REUTERS/Carlos Osorio

ဘိုင်ဒင်အစိုးရရဲ့ အစ္စရေးစစ်ပွဲအပေါ် ထောက်ခံမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဒေါ်နယ်ထရမ့်ပ်ကို ထောက်ခံခဲ့ကြတဲ့ အမေရိကန်မွတ်စလင်ခေါင်းဆောင်တွေဟာ ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့ဝင် ရွေးချယ်မှုတွေကြောင့် စိတ်ပျက်နေကြတယ်လို့ ရိုက်တာစ်သတင်းက ဖော်ပြပါတယ်။ 

ထရမ့်ပ်ဟာ သူတို့ကြောင့် နိုင်ခဲ့တာဖြစ်ပေမဲ့ လက်ရှိ ရွေးထားတဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ တခြားရာထူးတွေကြောင့် စိတ်ပျက်ရတယ်လို့ ရာဘီအူးလ် ချောင်ဒူရီက ဆိုပါတယ်။ 

ဖီလ်ဒဲဖီးယားက ရင်းနှီးမြှုပ်နှံသူ ချောင်ဒူရီဟာ ပင်ဆီလ်ဗေးနီးယားမှာ ဟဲရစ်ကို စွန့်လွှတ်ကြဆိုတဲ့ လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူဖြစ်သလို ထရမ့်ပ်အတွက် မွတ်စလင်များအဖွဲ့ကို ပူးတွဲဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ 

ထရမ့်ပ်ကို မွတ်စလင်တွေက ထောက်ခံကြတာကြောင့် မီရှီဂန်မှာ နိုင်ခဲ့သလို တခြား အဆုံးအဖြတ် ပြည်နယ်အချို့မှာလည်း သက်ရောက်မှုရှိခဲ့တယ်လို့ မဟာဗျူဟာသုံးသပ်သူတွေက ကောက်ချက်ချခဲ့ပါတယ်။ 

ဒါပေမဲ့ ထရမ့်ပ်က အစ္စရေးကို အထူးထောက်ခံတဲ့ မာကိုရူဘီယိုကို နိုင်ငံခြားရေးဝန်ကြီးနေရာ ရွေးထားပါတယ်။ ရူဘီယိုဟာ ဂါဇာမှာ အပစ်ရပ်ဖို့ တောင်းဆိုမှာမဟုတ်ဘူးလို့ ပြောဖူးသူဖြစ်ပြီး ဟားမတ်စ်ရဲ့ အခြေခံတိုင်းကို ဖျက်ဆီးပစ်ရမယ်၊ ဒီလူတွေက ဆိုးယုတ်တဲ့ တိရစ္ဆာန်တွေလို့ ပြောဖူးသူ ဖြစ်ပါတယ်။ 

ဒါ့အပြင် ပါလက်စတိုင်းနယ်မြေအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုတဲ့ အနောက်ဘက်ကမ်းဒေသကို အစ္စရေး သိမ်းပိုက်တာ ထောက်ခံတဲ့ အာကန်ဆောပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မိုက်ဟက်ကာဘီကိုလည်း အစ္စရေးသံအမတ်ကြီးအဖြစ် ရွေးချယ်ထားပါတယ်။ 

ဟက်ကာဘီဟာ ပါလက်စတိုင်း-အစ္စရေး နှစ်နိုင်ငံ အတူယှဉ်တွဲပေါ်ပေါက်ရေးဟာ အလုပ်မဖြစ်ဘူးလို့ ပြောသူ ဖြစ်ပါတယ်။ 

ဂါဇာမှာ လူသေဆုံးမှုကို ရှုတ်ချခဲ့တဲ့ ကုလသမဂ္ဂဟာ ‘ဂျူးဆန့်ကျင်ရေး မစင်တွင်းကြီး’ လို့ ဝေဖန်ခဲ့တဲ့ အောက်လွှတ်တော်အမတ် အဲလိဇ် စတက်ဖာနစ်ကိုလည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ထရမ့်ပ်က ရွေးထားပါတယ်။  

အမေရိကန်မွတ်စလင် ကွန်ရက်ဖြစ်တဲ့ AMEEN ရဲ့ အမှုဆောင်ဒါရိုက်တာ ရက်စ်ဟင်နယ်လ်ဒို နာဇာကိုကလည်း ထရမ့်ပ်ဟာ ငြိမ်းချမ်းရေးလိုလားတဲ့သူတွေ ရွေးမယ်လို့ မွတ်စလင် မဲဆန္ဒရှင်တွေက မျှော်လင့်ခဲ့တာလို့ ဆိုပါတယ်။ 

အစ္စရေးကို အလွန်အမင်းထောက်ခံသူတွေ၊ စစ်လိုလားသူတွေပဲ ရွေးတာကြောင့် အရမ်းစိတ်ပျက်ရတယ်လို့ နာဇာကို က ဆိုပါတယ်။  

မွတ်စလင်နဲ့ အာရပ်တွေကို မဲဆွယ်တုန်းက ပါခဲ့တဲ့ ထရမ့်ပ် ပထမလက်ထက်တုန်းက အမျိုးသားထောက်လှမ်းရေးညွှန်မှူး ယာယီလုပ်ခဲ့ဖူးတဲ့ ရစ်ချတ်ဂရီနယ်၊ ထရမ့်ပ်ရဲ့ ခမည်းခမက် လက်ဘနွန်နွယ်ဖွား မာဆတ် ဘိုလုစ် တို့လို ပုဂ္ဂိုလ်တွေ နေရာပေးမယ်လို့ မွတ်စလင်အသိုက်အဝန်း မျှော်လင့်ထားခဲ့ကြပေမဲ့ ဖြစ်မလာသေးတာဖြစ်ပါတယ်။ 

အဲဒီပုဂ္ဂိုလ် ၂ ဦးစလုံးက ထရမ့်ပ်ဟာ စစ်ပွဲကို ရပ်အောင်လုပ်ပေးမယ့်သူဆိုပြီး မဲဆွယ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ထရမ့်ပ်ကိုယ်တိုင်လည်း အာရပ်နဲ့ မွတ်စလင် အမေရိကန်တွေများတဲ့ မြို့တွေကို သွားရောက်မဲဆွယ်ခဲ့ပြီး မွတ်စလင်တွေကို ချစ်ကြောင်း ပြောခဲ့ဖူးသူဖြစ်ပါတယ်။   

Dearborn Heigh မြို့ဝန် ဘီလ်ဘက်ဇီနဲ့၊ မီရှီဂန် မွတ်စလင်ခေါင်းဆောင်တဦးဖြစ်တဲ့ ရိုလာမက်ကီတို့လို ခေါင်းဆောင်တချို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ထရမ့်ပ်ဟာ စစ်ပွဲကို ရပ်တန့်ပေးနိုင်မယ်လို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။ 

လက်ရှိ ဘိုင်ဒင်လက်ထက်မှာ ပါလက်စတိုင်း ၅ သောင်းနဲ့ လက်ဘနွန်နိုင်ငံသား ၃၀၀၀ သေခဲ့တယ်လို့ မက်ကီက ထောက်ပြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013