ရုရှားဟာ ဒုံးကျည် အစင်း ၁၂၀၊ ဒရုန်း ၉၀ သုံးပြီး ယူကရိန်းနိုင်ငံတဝန်းက ဓာတ်အားပေး အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောပါတယ်။
တိုက်ခိုက်မှုတွေဟာ မြို့တော် ကိယက်ဗ်သာမက ဒွန်ညက်စ်၊ လဗစ်နဲ့ ဩဒက်ဆာ ဒေသတွေ အပါအဝင် ဒေသအများအပြားကို ထိမှန်ခဲ့ပြီး လူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ယူကရိန်းရဲ့ အကြီးဆုံး ပုဂ္ဂလိက စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ DTEK ဘူမိအပူစွမ်းအင်သုံးစက်ရုံ အကြီးအကျယ် ထိခိုက်ခဲ့ပြီး ဓာတ်အားပြတ်တောက်ခဲ့တယ်လို့ ကြေညာပါတယ်။
နိုင်ငံပိုင်ဓာတ်အားပေးကုမ္ပဏီ Ukrenergo ကလည်း ယူကရိန်းတနိုင်ငံလုံး အတိုင်းအတာနဲ့ အကန့်အသတ်နဲ့သာ ဓာတ်အားပေးမယ်လို့ တနင်္လာနေ့မှာ ကြေညာပါတယ်။
အခုတိုက်ခိုက်မှုဟာ စက်တင်ဘာလ အစောပိုင်းက တိုက်ခိုက်မှုနောက်ပိုင်း အကြီးဆုံး ဖြစ်ပါတယ်။ ငြိမ်းချမ်းတဲ့ မြို့တွေ၊ အိပ်ပျော်နေတဲ့ အရပ်သားတွေ၊ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ ပစ်မှတ်ထားခံခဲ့ရတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရေ ဆီဘီဟာက ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ပစ်မှတ်အားလုံးကို ထိမှန်ခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ ယူကရိန်းစစ်ဘက်စက်မှုကွန်ရက်ကို ထောက်ကူပေးထားတဲ့ မရှိမဖြစ် စွမ်းအင်အခြေခံ အဆောက်အအုံကို ပစ်မှတ်ထားတာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
“ရုရှားအကြမ်းဖက်သမားတွေဟာ ကျုပ်တို့ကို အေးစက်၊ မှောင်မိုက်မှုနဲ့ ချောက်ချားအောင် ခြောက်လှန့်နေတယ်” လို့ သမ္မတ ဇလန်းစကီးက ဝေဖန်ခဲ့ပါတယ်။
ဒီအတောအတွင်း ရုရှားနိုင်ငံအတွင်းပိုင်းအထိ အမေရိကန်လုပ်လက်နက်တွေနဲ့ တိုက်ခိုက်ဖို့ သမ္မတ ဂျိုးဘိုင်ဒင် အစိုးရက ခွင့်ပြုပေးလိုက်ပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေနဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဒါဟာ ယူကရိန်း-ရုရှားစစ်ပွဲ ရက် ၁၀၀၀ ပြည့်ခါနီးမှာ ဝါရှင်တန်ရဲ့ ကြီးမားတဲ့ မူဝါဒအပြောင်းအလဲ ဖြစ်ပါတယ်။
လာမယ့် ရက်ပိုင်းအတွင်းမှာ ယူကရိန်းဘက်က ပထမဆုံးအကြိမ် တာဝေးတိုက်ခိုက်မှုလုပ်ဖို့ စီစဉ်နေတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေက ရိုက်တာကို ပြောပါတယ်။
ဒီလိုတိုက်ခိုက်ခွင့်ရဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက တောင်းဆိုနေတာ ကြာပြီဖြစ်ပြီး အမေရိကန်သမ္မတအဖြစ် လာမယ့် ဇန်နဝါရီ ၂၀ မှာ ဒေါ်နယ်ထရမ့်ပ် တကျော့ပြန် တာဝန်မယူခင် ၂ လအလိုမှာမှ ခွင့်ပြုချက်ရတာ ဖြစ်ပါတယ်။
ရုရှားက အင်အားဖြည့်ဖို့ မြောက်ကိုရီးယားကြည်းတပ်တွေပါ သုံးလာတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ အခုလို ခွင့်ပြုပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
ဇလန်းစကီးကတော့ တိုက်ဖို့ ခွင့်ပြုချက်ရပြီလို့ မီဒီယာတွေက ရေးကြပေမဲ့ တိုက်ခိုက်မှုတွေကို စကားလုံးနဲ့ လုပ်ရတာမဟုတ်ကြောင်း၊ ဒုံးကျည်တွေကပဲ စကားပြောသွားမှာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး အိမ်ဖြူတော်နဲ့ အမေရိကန်နိုင်ငံခြားရေးဌာနကတော့ မှတ်ချက်ပေးဖို့ ငြင်းထားပါတယ်။
ရုရှားအထက်လွှတ်တော် နိုင်ငံတကာရေးရာကော်မတီ ဒုဥက္ကဋ္ဌ ဗလာဒီမီယာ ဇာဘာရော့ဗ်ကတော့ အခုလိုခွင့်ပြုပေးလိုက်ရင် တတိယကမ္ဘာစစ် ဖြစ်သွားလိမ့်မယ်လို့ သုံးသပ်ပါတယ်။ ယူကရိန်းရဲ့ နိုင်ငံဖြစ်တည်မှုပါ အဆုံးသတ်သွားမယ်လို့လည်း ရုရှားဖက်ဒရေးရှင်းကောင်စီဝင် အန်ဒရေ ကလီရှားက သတိပေးလိုက်ပါတယ်။
Source : Reuters