ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ်မြို့ ဆင်ခြေဖုံးရှိ လူနေအဆောက်အဦ အများအပြားကို အစ္စရေးက နိုဝင်ဘာ ၁၄ ရက်မှာ တိုက်ခိုက်မှုကြောင့် လူ ၁၅ ယောက် သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားစစ်တပ် သတင်းရင်းမြစ်ကို ကိုးကားပြီး နိုင်ငံပိုင် ဆာနာ သတင်းအေဂျင်စီက ဖော်ပြပါတယ်။
အစ္စရေးကတော့ ဒီတိုက်ခိုက်မှုတွေဟာ စစ်ဘက်ဆိုင်ရာနေရာတွေနဲ့ အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့ရဲ့ ဌာနချုပ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ပစ်မှတ်ထားတဲ့ အဆောက်အဦတွေဟာ ဆီးရီးယားမြို့တော် အနောက်ဘက်ရှိ မက်ဇေနဲ့ ကွဒ်ဆယာ ဆင်ခြေဖုံးတွေမှာ တည်ရှိနေကြောင်း ဆီးရီးယား စစ်ဘက်သတင်းရင်းမြစ်ကို ကိုးကားပြီး ဆာနာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အစ္စရေးဟာ ဆီးရီးယားရှိ အီရန်နဲ့ ဆက်နွှယ်နေတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နေတာ နှစ်ချီ ကြာနေပေမဲ့ ဂါဇာစစ်ပွဲကို ဖြစ်စေခဲ့တဲ့ အစ္စရေးနိုင်ငံအပေါ် ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်က မနှစ် အောက်တိုဘာ ၇ ရက်က စီးနင်းတိုက်ခိုက်မှုတွေ လုပ်လာကတည်းက တိုက်ခိုက်မှုကို အရှိန်မြှင့်လာခဲ့ပါတယ်။
လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့မှ တပ်မှူးတွေနဲ့ ဆီးရီးယားအခြေစိုက် အီရန် တော်လှန်ရေးအစောင့်တပ်တွေဟာ ဒမတ်စကတ်မြို့ရှိ မက်ဇေ မြူနီစီပယ်ဧရိယာမှာ နေထိုင်ကြတယ်လို့ တိုက်ခိုက်မှုတွေကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
မက်ဇေ နယ်မြေက မိုးမျှော်တိုက် ဘလောက်တွေကို ဟားမတ်စ်နဲ့ အစ္စလာမ္မစ် ဂျီဟတ်တွေ အပါအဝင် ပါလက်စတိုင်း ခေါင်းဆောင်တွေ နေထိုင်ဖို့ အရင် အာဏာပိုင်တွေက အသုံးပြုခဲ့ကြပါတယ်။
ဆီးရီးယားကနေ ဟစ်ဇ်ဘိုလာဆီကို လက်နက်တွေ ယူဆောင်လာဖို့ ကြိုးပမ်းမှုမှန်သမျှကို အစ္စရေးက တိုက်ခိုက်မှာဖြစ်ကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက နိုဝင်ဘာ ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
“ကျနော်တို့ဟာ ဆီးရီးယားမှာ ထုတ်လုပ်ပြီးတော့ အစ္စရေးပိုင်နက်မှာ ဟစ်ဇ်ဘိုလာ ပစ်လွှတ်နေတဲ့ ဒုံးကျည်တွေနဲ့ တခြားလက်နက်တွေကို ရှာဖွေဖော်ထုတ်နေတယ်” လို့ ဟာဂါရီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဆီးရီးယားမှ ဟစ်ဇ်ဘိုလာဆီကို လက်နက်တွေယူဆောင်လာမယ့် ကြိုးပမ်းမှုတိုင်းကို တိုက်ခိုက်သွားမှာ ဖြစ်ပြီးတော့ ဟစ်ဇ်ဘိုလာအတွက် လက်နက်ထုတ်လုပ်ဖို့ ရည်ရွယ်ထားတဲ့ ဆီးရီးယားရှိ အခြေခံအဆောက်အအုံတွေ အားလုံးကို တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အစ္စရေးစစ်တပ်ဟာ ဘေရွတ်မြို့ ဆင်ခြေဖုံးနဲ့ ဟစ်ဇ်ဘိုလာ အမာခံနယ်မြေ ဒါဟိယမှ ဒမတ်စ်ကပ်စ် အထိ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဟာဂါရီက ပြောပါတယ်။
လက်ဘနွန်မြောက်ပိုင်းနယ်စပ်အနီး ဆီးရီးယားရှိ တံတားတစင်းကို အစ္စရေးက လေကြောင်း တိုက်ခိုက်မှု လုပ်ခဲ့ကြောင်း ဆီးရီးယားအစိုးရ သတင်းဌာနက ဖော်ပြပြီးနောက် မကြာခင်မှာပဲ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက ပြောသွားတာ ဖြစ်ပါတယ်။
Source : Reuters