အစ္စရေး ဥပဒေသစ်အရ ကုလသမဂ္ဂ ပါလက်စတိုင်း ကယ်ဆယ်ရေးအေဂျင်စီ UNRWA ပြိုလဲသွားမယ်ဆိုရင် ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်းမျိုးဆက်တခုလုံး ပညာသင်ခွင့်ကို ငြင်းပယ်ခံရတော့မှာဖြစ်တယ်လို့ UNRWA အကြီးအကဲက နိုဝင်ဘာ ၁၃ ရက်မှာ သတိပေး ပြောလိုက်ပါတယ်။
အစ္စရေးပါလီမန်ဟာ UNRWA ကို တားမြစ်ပိတ်ပင်မယ့် ဥပဒေကို ပြီးခဲ့တဲ့လက အတည်ပြုခဲ့ပြီး ဇန်နဝါရီလ နှောင်းပိုင်းမှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။
ဒါကို အကောင်အထည်ဖော်မှုဟာ ဘေးဥပါဒ်ဆိုးကျိုးတွေ ရှိလာလိမ့်မယ်လို့ UNRWA ကော်မရှင်နာချုပ် ဖိလစ်ပဲ လက်ဇာရီနီက ပြောပါတယ်။
ဂါဇာမှာ UNRWA ကို ဖျက်သိမ်းလိုက်တာဟာ အေဂျင်စီရဲ့ အခြေခံအဆောက်အအုံတွေအပေါ် ကြီးကြီးမားမား မှီခိုနေရတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှု တုံ့ပြန်မှုကို ပြိုပျက်စေလိမ့်မယ် လို့ သူက ကုလသမဂ္ဂ အထွေထွေညီလာခံ ကော်မတီကို ပြောကြားခဲ့ပါတယ်။
UNRWA မရှိဘဲ ဂါဇာကမ်းမြောင်နဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေကနေ သိသိသာသာ ပျောက်ကွယ်သွားမှာက ပညာရေးပဲလို့ ဆိုပါတယ်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သို့မဟုတ် ပြည်နယ်မရှိတဲ့ အခြေအနေမှာ UNRWA ကသာလျှင် ဂါဇာတဝန်းရှိ မိန်းကလေးနဲ့ ယောက်ျားလေးပေါင်း ၆၆၀,၀၀၀ ကျော်ကို ပညာသင်ကြားနိုင်မှာဖြစ်ပြီး UNRWA မရှိဘူးဆိုရင်တော့ မျိုးဆက်တခုလုံး ပညာသင်ကြားခွင့်ကို ငြင်းပယ်ခံရလိမ့်မှာဖြစ်ကြောင်းနဲ့ ပစ်ပယ်ခံရခြင်းနဲ့ အစွန်းရောက်ဝါဒအတွက် မျိုးစေ့ချသလို ဖြစ်လိမ့်မယ်လို့လည်း ဆိုပါတယ်။
UNRWA အကြီးအကဲဟာ အစ္စရေးရဲ့ ဥပဒေပြဋ္ဌာန်းချက် အကောင်အထည်ဖော်မှုကို ဟန့်တားပေးဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ထပ်မံတိုက်တွန်းခဲ့ပါတယ်။
အစ္စရေးရဲ့ မဟာမိတ် အမေရိကန်က ဂါဇာမှာ UNRWA ရဲ့ အခန်းကဏ္ဍမှာ မရှိမဖြစ် လိုအပ်ကြောင်း ဖော်ပြခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါ သောမတ်စ်-ဂရင်းဖီးက အစ္စရေးဟာ အဲဒီဥပဒေကို အကောင်အထည်ဖော်မှု ရပ်ဆိုင်းဖို့ အရေးကြီးကြောင်း အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
ဂါဇာစစ်ပွဲကို အစပြုခဲ့တဲ့ အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုအတွင်း UNRWA ဝန်ထမ်းတွေ ပါဝင်ခဲ့ကြောင်း အစ္စရေးက ပြောထားပါတယ်။
ကုလသမဂ္ဂကလည်း UNRWA ဝန်ထမ်း ၉ ယောက် ပါဝင်ပတ်သက်နိုင်ခဲ့ခြေရှိပြီး အလုပ်က ထုတ်ပယ်ထားတယ်လို့ ဆိုပါတယ်။
အစ္စရေးက သတ်ဖြတ်ခဲ့တဲ့ လက်ဘနွန်ရှိ ဟားမတ်စ်တပ်မှူးတယောက်ဟာ UNRWA မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း တွေ့ရှိခဲ့ပါတယ်။
Source : Reuters