ဟားမတ်စ်အဖွဲ့ဟာ ယာယီအပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံလဲလှယ်ရေး သဘောတူညီချက်ကို ပယ်ချခဲ့ပြီး ဂါဇာကမ်းမြောင်ကနေ အစ္စရေးနုတ်ထွက်တာကို ထည့်မရေးထားလို့ ဆိုပြီး ပြောကြားခဲ့ကြောင်း တရုတ်မီဒီယာအုပ်စု (CMG)က သတင်းထုတ်ပါတယ်။
အဲဒီသဘောတူညီချက်ဟာ လက်တွေ့မကျသလို လေးနက်မှုမရှိဘူးလို့ ဟားမတ်စ် ပေါ်လစ်ဗျူရို အဖွဲ့ဝင် အိုဆာမာဟမ်ဒန်က ပြောကြားခဲ့ပြီး ဆက်စပ်ဆွေးနွေးမှုတွေကလည်း ယုတ္တိမရှိဘူးလို့ ဆိုပါတယ်။
လေးပွင့်ဆိုင် ဆွေးနွေးပွဲမှ သဘောတူညီချက်ဟာ အစ္စရေးရဲ့ ပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ပါလက်စတိုင်း ပြည်သူတွေအပေါ် ရန်လိုမှုကို အလုံးစုံရပ်တန့်ရေးဆိုတဲ့ မူလလိုအပ်ချက်နဲ့ မကိုက်ညီဘူးလို့ ဟားမတ်စ် အကြီးတန်းအရာရှိက မှတ်ချက်ပြုပါတယ်။
ဂါဇာကမ်းမြောင်ကနေ အစ္စရေးတပ်ဖွဲ့တွေ ဆုတ်ခွာဖို့ လိုအပ်ကြောင်းလည်း သူက ပြောဆိုပါတယ်။
ဆွေးနွေးပွဲတွေဟာ ဟားမတ်စ်ရဲ့ တောင်းဆိုမှုကို အလေးအနက်ထား ဆောင်ရွက်ပေးမယ်ဆိုရင် ဟားမတ်စ်ဟာ နောက်ဆက်တွဲ အဆိုပြုချက်ကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နိုင်ပြီး၊ အဲလိုမှ မဟုတ်ရင်တော့ အချိန်ဖြုန်းခြင်းပဲဖြစ်တယ်လို့ ဟမ်ဒန်က ပြောပါတယ်။
အစ္စရေး မော့ဆဒ် ထောက်လှမ်းရေးအေဂျင်စီအကြီးအကဲ ဒေးဗစ်ဘာနီးဟာ သောကြာနေ့က အစ္စရေးဓားစာခံတွေရဲ့ ဆွေမျိုးတွေကို ဟားမတ်စ်ဟာ အီဂျစ်ရဲ့ အဆိုပြုချက်ကို ပယ်ချခဲ့ပြီး လာမယ့် သီတင်းပတ်မှာ တုံ့ပြန်မယ်လို့ မျှော်လင့်ရကြောင်း ပြောဆိုပါတယ်။
အခုသီတင်းပတ်အတွင်းမှာ ကာတာ၊ အီဂျစ်၊ အမေရိကန်နဲ့ အစ္စရေးတို့မှ ကိုယ်စားလှယ်တွေဟာ ဒိုဟာမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် စုဝေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့လတွေက ဒိုဟာနဲ့ ကိုင်ရိုတို့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပေမဲ့ နှစ်ချီနေတဲ့ ပဋိပက္ခကို အဆုံးသတ်ဖို့ လေးနက်တဲ့ သဘောတူညီချက်တွေကို မရရှိခဲ့ပါဘူး။
အစ္စရေးက ဂါဇာတောင်ပိုင်းရှိ ဖှီလာဒလ်ဖှီ စင်္ကြံလို နေရာတွေမှာ စစ်တပ်ဖြန့်ချထားမှုတွေကို ဆက်လက် တည်ရှိစေဖို့ တောင်းဆိုထားပြီး ဟားမတ်စ်ကလည်း အစ္စရေးရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို ရပ်တန့်ကာ ဂါဇာကမ်းမြောင်ကနေ လုံးဝဆုတ်ခွာဖို့ကိုသာ ထပ်ခါတလဲလဲ အလေးပေး ပြောကြားနေတာ ဖြစ်ပါတယ်။
Source: Reuters