ဂါဇာကမ်းမြောင်အလယ်ပိုင်းကို ညတွင်းချင်း အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၄၇ ယောက်သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပြီး အများစုဟာ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေဖြစ်တယ်လို့ ပါလက်စတိုင်း သတင်းအေဂျင်စီ WAFA က နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုတွေ ဒေရ် အလ်-ဘာလာ၊ နူဆေရတ် စခန်းနဲ့ အလ်-ဇဝေဒါ မြို့တို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ အပျက်အစီးတွေအောက်မှာ အသေအပျောက်တွေကို ရှာဖွေနေကြပြီး လူတွေကလည်း တိုက်ခိုက်မှုမှာ သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းပူဆွေးနေကြကာ အဲဒီထဲက တချို့မှာ ကလေးငယ်တွေ ဖြစ်ပါတယ်။
အရပ်သား ကာကွယ်ရေးဒါရိုက်တာ ဆလာ အဗ္ဗဒလ် ဟာဒီက“သူတို့က တိုက်ခိုက်မှုတခုရှိကြောင်း အချက်ပြလို့ အဲဒီနေရာကို လိုက်သွားတဲ့အခါ မှောင်မိုက်နေပြီးတော့ မိသားစု ၃ စုကနေ အာဇာနည်ဖြစ်ကုန်သူတွေ အများအပြားရှိတာကို တွေ့ခဲ့ရတယ်။ အပျက်အစီးတွေအောက်မှာ အာဇာနည်တချို့ ရှိပြီး အသားစတွေ အားလုံးက ရောနှောနေတော့ မိသားစုတွေ၊ အာဇာနည်တွေ၊ ဘယ်သူက ဘယ်သူမှန်းတောင် မသိတော့ဘူး။ ပစ္စည်းကိရိယာတွေ၊ ဘူဒိုဇာတွေနဲ့ လောင်စာဆီတွေလည်း မရှိတော့ လူအား၊ လုပ်အားနဲ့ပဲ အားထုတ်မှုတွေလုပ်ပြီး ရှာဖွေနေရတယ်” လို့ ပြောပါတယ်။
အစ္စရေးစစ်တပ်ကတော့ သူ့တပ်ဖွဲ့တွေဟာ ဂါဇာ အလယ်ပိုင်းက လက်နက်ကိုင် အကြမ်းဖက်သမား အများအပြားကို ဖော်ထုတ်ရှင်းလင်းခဲ့ကြောင်းနဲ့ ဂါဇာမြောက်ပိုင်း ဂျာဘာလီယာ ဧရိယာမှာ ပစ်မှတ်ထားတဲ့ စီးနင်းတိုက်ခိုက်မှုတွေမှာ ဒါဇင်နဲ့ချီတဲ့ အကြမ်းဖက်သမားတွေကို ဖယ်ရှားခဲ့ကြောင်း ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို ခုချိန်ထိ အစ္စရေးရဲ့ ဟားမတ်စ်တွေကို လက်တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၄၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး နယ်မြေအများစုဟာ အပျက်အစီးပုံကြီး ဖြစ်ကျန်နေခဲ့ရပြီ လို့ ပါလက်စတိုင်း အာဏာပိုင်တွေက ပြောပါတယ်။
Source:Reuters