Home
နိုင်ငံတကာ
အစ္စရေး တိုက်ခိုက်မှုကြောင့် လက်ဘနွန်တွင် လူ ၆၀ သေဆုံး၊ ဂါဇာ၌ ပါလက်စတိုင်း ၅၅ ဦး သေဆုံး
DVB
·
October 30, 2024
Photo-Reuters

အစ္စရေးက လက်ဘနွန် အရှေ့ပိုင်းကို လေကြောင်းတိုက်ခိုက်ခဲ့လို့ လူအယောက် ၆၀ ထက်မနည်း သေဆုံးတယ်လို့ လက်ဘနွန် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြီး အယ်လ်ဂျာဇီးယား သတင်းဌာနက အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၈ ရက်က အစ္စရေးက လက်ဘနွန်တောင်ပိုင်း ဆိပ်ကမ်းမြို့ တိုင်ယာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အဆောက်အဦတွေ ပြားပြားဝပ် ပျက်စီးခဲ့ပါတယ်။

ဒါကြောင့် ဒေသခံတွေဟာ ရှင်သန်ကျန်ရစ်သူတွေကို တွေ့ဖို့ ပျက်စီးနေတဲ့ အဆောက်အဦတွေကို ပိုက်စိပ်တိုက် ရှာခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် တိုင်ယာမြို့မှာ လူ ၇ ယောက် သေဆုံးတယ်လို့ လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

တိုင်ယာမြို့ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတွေမှာ အရင်က ဘေးကင်းရာ မရွှေ့ခိုင်းတဲ့ နေရာတွေ အပါအဝင် ဧရိယာတွေမှာပါ ဘေးကင်းရာရွှေ့ကြဖို့ အစ္စရေးစစ်တပ်က နောက်ပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အခုရွှေ့ခိုင်းတဲ့ နေရာတွေထဲမှာ များသောအားဖြင့် သတင်းထောက်တွေ အခြေစိုက်တဲ့ ပင်လယ်ကမ်းခြေ ဟိုတယ်နားက ရပ်ကွက်တွေလည်း ပါဝင်ပါတယ်။

ဟစ်ဇ်ဘိုလာတွေက အစ္စရေးနိုင်ငံထဲက စစ်ရေးပစ်မှတ်တွေနဲ့ လက်ဘနွန်ပိုင်နက်ထဲက အစ္စရေးတပ်တွေကို ဆက်တိုက် တိုက်ခိုက်နေပါတယ်။

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တော် အရှေ့ဘက်ရှိ ဘီခါးတောင်ကြားကို အောက်တိုဘာ ၂၈ ရက်က အစ္စရေးရဲ့ ညလုံးပေါက် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူပေါင်း ၆၀ လောက် သေဆုံးခဲ့ရပြီး ဒီဖြစ်ရပ်ကို ဘယ်သူမှ လက်မခံနိုင်ဘူးလို့ ဘေရွတ်ဒေသခံတွေက ပြောပါတယ်။

အစ္စရေးရဲ့ ဘေးလွတ်ရာပြောင်းရွှေ့မိန့် တိုးချဲ့သတိပေးချက်တွေကြောင့် တိုင်ယာမြို့တော် အပါအဝင် လက်ဘနွန်တောင်ပိုင်းက မြို့အတော်များများမှာ လူနေမရှိကြတော့တဲ့ သရဲမြို့၊ တစ္ဆေမြို့တွေ ဖြစ်ကုန်ကြပြီး မြို့မတော်များများမှာလည်း ဗုံးဒဏ်တွေကြောင့် အပျက်အစီးတွေပဲ ဖြစ်ကျန်ခဲ့ပါတယ်။

လက်ဘနွန်မှာ အစ္စရေးတိုက်ခိုက်မှုတွေကြောင့် ကလေး ၁၂၇ ယောက်ထက်မနည်း အပါအဝင် အနည်းဆုံး လူ ၂,၇၁၀ သေဆုံးပြီး ၁၂,၅၉၂ ယောက် ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

ဂါဇာကမ်းမြောင် မြောက်ပိုင်းရှိ ဘေ့ထ် လဟိယာမြို့မှာလည်း အောက်တိုဘာ ၂၉ ရက်က အစ္စရေး တိုက်ခိုက်မှုကြောင့် လူနေအဆောက်အဦတခုကို ထိမှန်ပြီး အနည်းဆုံး လူ ၅၅ ယောက် သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း အရပ်ဖက်အရေးပေါ်ဌာနက ပြောပါတယ်။

ထိခိုက်သူ အများအပြားဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသေးတယ်လို့ ယူဆရကြောင်းလည်း သူကဆိုပါတယ်။

ဘေ့ထ် လဟိယာ စီမံကိန်းရပ်ကွက်ရှိ အဘူနက်ဆာ မိသားစုအိမ်ရာမှာ အထပ် ၄ ထပ်ရှိတဲ့ အဆောက်အဦမှာ ရာနဲ့ချီတဲ့ အိုးမဲ့အိမ်မဲ့တွေ နေထိုင်နေကြတာဖြစ်ပြီး ဘာမှ ကြိုတင်သတိပေးခြင်းမရှိဘဲ ဗုံးကြဲချခံရလို့ လူပေါင်းများစွာ အာဇာနည်တွေ ဖြစ်ကုန်ကြောင်းနဲ့ နံရံတွေနဲ့ နေရာပေါင်းစုံမှာ သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ၊ ကိုယ်တွင်းကလီစာတွေ အပိုင်းပိုင်းပြတ်ပြီး ချိတ်ဆွဲကပ်ငြိကုန်တယ်လို့ မျက်မြင်သက်သေ အစ္စမိုင် အို‌အိုက်ဒါက ပြောတယ်။

တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ အများစုမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ကြောင်း ပါလက်စတိုင်း သတင်းအေဂျင်စီ WAFA က ဆေးဘက်ဆိုင်ရာတွေကို ကိုးကားပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစ္စရေးကတော့ ချက်ချင်း မှတ်ချက်မပေးပါဘူး။

ဂျာဘလီယာ၊ ဘေ့ထ် လဟိယာနဲ့ ဘေ့ထ် ဟာနွန်း မြို့တွေက လူပေါင်း ၁ သိန်းလောက်ဟာ အစားအစာနဲ့ ဆေးဝါးအထောက်အပံ့တွေ မရှိဘဲ ပိတ်မိနေကြတယ်လို့ ပါလက်စတိုင်း မြို့ပြအရေးပေါ်ဝန်ဆောင်မှုအဖွဲ့က အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။ ရိုက်တာကတော့ အရေအတွက်ကို သီးခြား အတည်မပြုနိုင်ပါဘူး။

တနှစ်ကြာစစ်ပွဲမှာ အစောပိုင်းက အစ္စရေးက ဟားမတ်စ် တိုက်ခိုက်ရေးတပ်တွေကို သုတ်သင်ခဲ့တယ် ဆိုတဲ့ ဂါဇာမြောက်ပိုင်းကို ၃ ပတ်ကြာ အစ္စရေး တိုက်ခိုက်မှုကြောင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်တန့်သွားခဲ့တယ်လို့ အရေးပေါ်ဌာနက ပြောပါတယ်။

ဒီတိုက်ခိုက်စီးနင်းမှုဟာ ဟားမတ်စ်တွေ ပြန်လည်စုဝေးခြင်းကနေ တားဆီးဖို့ ရည်ရွယ်တယ် လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024