Home
နိုင်ငံတကာ
ယူကရိန်း၌ ရုရှားဗုံးကြဲမှုကြောင့် ၄ ဦးသေ၊ ရုရှားရောက် မြောက်ကိုရီးယားတပ်များ ရှေ့တန်း ပို့ခံရနိုင်
DVB
·
October 30, 2024
Photo-STATE EMERGENCY SERVICE OF UKRAINE

ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် ခါကိဗ်ရဲ့ အော့စ်နိုဗီယန်စကီး ခရိုင်မှာ အောက်တိုဘာ ၂၉ ရက် ညသန်းခေါင်ယံက ရုရှားက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ညလုံးပေါက် တိုက်ခိုက်မှုလှိုင်းလုံးတွေကြောင့် လူ ၄ ယောက် သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၁၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။

အုပ်ချုပ်ရေးအဆောက်အအုံနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ အများအပြား ပြိုကျကုန်ကာ ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ မြို့တော်ဝန် အီဟော်ရ် ထယ်ရယ်ခို့ဗ်က သူ့ရဲ့ တယ်လီဂရမ် ရုပ်သံလိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ ခါကိဗ်မြို့တော်ရှိ နှစ်ပေါင်းရာကျော် သက်တမ်းရှိ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်းဝင် ဆိုဗီယက်ယူနီယံရဲ့ ပထမဆုံး မိုးမျှော်တိုက်လို့ အမည်ပေးထားတဲ့ ဒါ့ဇ်ပရွမ် အဆောက်အဦကြီး ကွဲအက်ပြိုပျက်ကျသွားခဲ့တဲ့ အောက်တိုဘာ ၂၈ ရက် နှောင်းပိုင်းက ရုရှားရဲ့ ပဲ့ထိန်းဗုံးကြဲ တိုက်ခိုက်မှုအပြီးမှာ နောက်ထပ်လုပ်ဆောင်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။

စစ်ရာဇဝတ်မှုဆိုင်ရာ အစိုးရရှေ့နေတွေက ဗုံးဒဏ်ခံရတဲ့ ဧရိယာကို စစ်ဆေးနေပြီး အရေးပေါ်တပ်ဖွဲ့ဝင်တွေကတော့ ပျက်စီးဆုံးရှုံးမှုနဲ့ အသေအပျောက်တွေကို အကဲဖြတ်ကြပါတယ်။

ရန်သူဟာ အစီအစဉ် ထည့်သွင်းပြင်ဆင်ထားတဲ့ မော်ဂျူးလ်တခုပါ ပေါက်ကွဲအားမြင့် လေကြောင်းဗုံးကို အသုံးပြုထားတာလို့ ခါကိဗ်ဒေသ အစိုးရရှေ့နေရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရို ချူဘန်ကိုက ပြောပါတယ်။

ခါကိဗ်မြို့ကြီးဟာ စစ်ပွဲအစောပိုင်းကာလတွေတုန်းက မြို့တော်ကိယက်ဗ်ကို ရုရှားတို့ ချီတက်ဖို့ ကြိုးပမ်းမှုကို တားဆီးခဲ့ပြီး အဲဒီအချိန်ကစပြီး မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေရဲ့ ပစ်မှတ် ဖြစ်ခဲ့ရပါတယ်။

ယူကရိန်းစစ်ပွဲအတွက် ရုရှားမှာ တပ်ချထားတဲ့ မြောက်ကိုရီးယား အဆင့်မြင့် စစ်ဘက်အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေဟာ ရှေ့တန်းစစ်မျက်နှာပြင်ကို ရွှေ့ပြောင်းသွားရနိုင်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီရဲ့ ရှင်းလင်းချက်တွေကို ကိုးကားပြီး လွှတ်တော်အမတ်တွေက အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။

ရုရှားကို ပြုံယမ်းက သူ့တပ်ဖွဲ့တွေ စေလွှတ်မှုကို NATO က အတည်ပြုလိုက်ပြီးနောက်မှာ လွှတ်တော်အမတ်တွေဟာ နေ့ရက်အချိန်တွေကို မပြောကြားခဲ့ပေမဲ့ ယူကရိန်းနယ်စပ်ရှိ ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသမှာ စစ်ရေးတပ်ဖွဲ့တွေကို ဖြန့်ကျက်ချထားကြောင်း မှတ်ချက်ပေးခဲ့တာပါ။

“မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား တပ်ဖွဲ့ဝင်တွေ အလွှဲအပြောင်းတွေ လုပ်ဆောင်နေတာကို သတိပြုမိပြီးတော့ ရုရှားစစ်တပ်ဟာ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေကို စစ်ရေးဆိုင်ရာ ဝေါဟာရ အသုံးအနှုန်း ၁၀၀ လောက် သင်ထားပေးပေမဲ့လည်း သူတို့တွေဟာ အဲဒီစကားလုံးတွေနဲ့ ရုန်းကန်နေရတယ် ဆိုတဲ့ သတင်းတွေလည်း ကြားထားပြီးတော့ ဆက်သွယ်ပြောဆိုမှု ပြဿနာတွေကို ဖြေရှင်းနိုင်ပါ့မလား ဆိုတဲ့ သံသယတွေလည်း မြင့်တက်နေတယ်” လို့ ပါလီမန် ထောက်လှမ်းရေး ကော်မတီအဖွဲ့ဝင် အီဆုန်းဂွမ်းက ထောက်လှမ်းရေးအေဂျင်စီရဲ့ အကဲဖြတ်ချက်ကို ကိုးကားပြီး သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ မော်စကိုက အဆင့်မြင့်အစိတ်အပိုင်း တင်သွင်းမှုတွေနဲ့ နည်းပညာ ပံ့ပိုးကူညီမှုတွေကို အသုံးပြုပြီး နောက်ထပ် ထောက်လှမ်းရေးဂြိုဟ်တုကို လွှတ်တင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း လွှတ်တော်အမတ် ဘတ်ဆွန်းဝမ်က တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။

လှုပ်ရှားမှုအတိအကျကို အတည်မပြုနိုင်သေးပေမဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲ အပြီးမှာ မြောက်ကိုရီးယားဟာ သူ့ရဲ့ သတ္တမအကြိမ်မြောက် နျူစမ်းသပ်မှု ပြုလုပ်နိုင်ခြေရှိတယ် ဆိုတဲ့ ထောက်လှမ်းရေး အေဂျင်စီက အနီးကပ်စောင့်ကြည့်မှု အစီရင်ခံစာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ လုပ်ကြံသတ်ဖြတ်ခံရနိုင်တဲ့ ခြိမ်းခြောက်မှုတွေ အတွက် ကြိုတင်သတိပေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေကြောင်းနဲ့ ဆက်သွယ်ရေး ခြေရာခံမရအောင် ဖြတ်တောက်မှုကို လုပ်ဆောင်ခြင်း၊ သီးခြားယာဉ်တွေကို အသုံးပြုခြင်းနဲ့ လုံခြုံရေး အဆင့်မြှင့်တင်ဖို့ ဒရုန်းထောက်လှမ်း ကိရိယာတွေကို စတင်မိတ်ဆက် သုံးစွဲလာတယ်လို့လည်း ဘတ်ဆွန်းဝမ်က ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့သမီး ကင်မ်ဂျုအဲရဲ့ လှုပ်ရှားမှုတွေဟာ ပါတီပွဲတွေမှာ ကျယ်ပြန့်လာတယ်လို့ သတင်းရရှိထားပြီး သူ့ကို ကင်မ်ဂျုံအန်းရဲ့ညီမ ကင်မ်ယိုးဂျုံက လမ်းညွှန်ပြသနေပြီး မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချွဲဆွန်းဟီက သူ့အဆင့်အတန်းကို တစိတ်တပိုင်း မြှင့်တင်ပေးဖို့ အကြံပြုထားကြောင်းလည်း ဆိုပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024