Home
နိုင်ငံတကာ
ဂါဇာတွင် ပိုလီယို ကာကွယ်ဆေးထိုးလုပ်ငန်း ပြန်လည်စတင်
DVB
·
November 3, 2024
Photo - REUTERS/Dawoud Abu Alkas

အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းခံရတာတွေနဲ့ ဝင်ရောက်ခွင့် မရတာတွေကြောင့် နှောင့်နှေးတုံ့ဆိုင်းခဲ့ရတဲ့ ဂါဇာမှာ ပိုလီယိုကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို နိုဝင်ဘာ ၂ ရက်မှာ ပြန်လည် စတင်ခဲ့ပါတယ်။

သြဂုတ်လက ကလေးငယ်တယောက် အမျိုးအစား ၂ ပိုလီယိုဗိုင်းရပ်စ်ပိုးကြောင့် တစိတ်တပိုင်း လေဖြတ်သွားတဲ့ ဖြစ်ရပ်ဟာ ဒီနယ်မြေရဲ့ ၂၅ နှစ်တာအတွင်း ပထမဆုံးသော ဖြစ်ရပ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က အတည်ပြုခဲ့ပြီးနောက် စက်တင်ဘာ ၁ ရက်မှာ ပိုလီယိုတိုက်ဖျက်ရေး လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုကို လုပ်ဆောင်နိုင်ဖို့အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ခဏအပစ်အခတ်ရပ်စဲထားဖို့ သဘောတူညီထားပြီး ဖြစ်ပေမဲ့ သဘောတူညီချက်အရ အကျုံးဝင် လွှမ်းခြုံထားတဲ့ ဧရိယာဟာ အရင်စက်တင်ဘာလက ခဏရပ်နားထားရာကနေ သိသိသာသာ လျော့ကျသွားပြီး အခုတော့ ဂါဇာမြို့တော်တခုတည်းကိုသာ လွှမ်းခြုံနိုင်တော့မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ အေဂျင်စီ UNICEF တို့က ပြောကြားခဲ့ပါတယ်။

ပိုလီယိုတိုက်ဖျက်ရေးလုပ်ငန်းရဲ့ နောက်ဆုံးအဆင့်ဟာ ဂါဇာမြောက်ပိုင်းမှာ အသက် ၁၀ နှစ်အောက် ကလေးငယ် ၁၁၉,၀၀၀ လောက်ကို ပါးစပ်ကနေ တိုက်ကျွေးရတဲ့ ပိုလီယို ကာကွယ်ဆေး အမျိုးအစား 2 (nOPV2) ဒုတိယအကြိမ် ပေးနိုင်ဖို့ ရည်ရွယ်ထားတာပါ။

ဒါပေမဲ့ ကန့်သတ်ချက်တွေကြောင့် အခု ရည်မှန်းချက် အောင်မြင်ဖို့ မဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစ္စရေးစစ်တပ်ရဲ့ ပါလက်စတိုင်း အရပ်ဘက်ရေးရာ အေဂျင်စီ COGAT ကတော့ သူတို့အဖွဲ့ဟာ ၃ ရက်ကြာ ကမ်ပိန်းကို ညှိနှိုင်း ဆောင်ရွက်ပေးနေပြီး ပြီးဆုံးတာနဲ့ အချိန်ဇယားကို သက်တမ်းထပ်တိုး၊ မတိုး ဆိုတာကို ဆုံးဖြတ်ဖို့ အကဲဖြတ်မှုတွေ လုပ်သွားမယ်လို့ ပြောပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013