ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းမှာ အငတ်ဘေး အမြန်ကျရောက်နိုင်ခြေ ပြင်းထန်နေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေး ကျွမ်းကျင်သူများ ကော်မတီက နိုဝင်ဘာ ၈ ရက်က သတိပေးခဲ့ ပါတယ်။
အစ္စရေးက ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်အဖွဲ့ကို စစ်ရေးအရ ထိုးစစ်ဆင်နေချိန်တွင် အစာငတ်မွတ်မှု၊ အာဟာရချို့တဲ့မှုနဲ့ ရောဂါတွေကြောင့် သေဆုံးမှုတွေ အရှိန်အဟုန်နဲ့ တိုးလာတယ်လို့ ယူဆနိုင်တယ်လို့လည်း အငတ်ဘေး ပြန်လည်သုံးသပ်ရေးကော်မတီက ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တွဲဖက်ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီထရမ်လေက သတင်းစာ ရှင်းလင်းပွဲ တစိတ်တပိုင်းအဖြစ် ကုလသမဂ္ဂကနေ သတင်းထောက်တွေအပေါ် သတိပေးချက်ကို ထပ်ခါ ပြောခဲ့ပါတယ်။
ဂါဇာကမ်းမြောင်က လူသားချင်းစာနာမှုအခြေအနေဟာ အလွန်ဆိုးရွားပြီး အမြန်ယိုယွင်း ပျက်စီးနေပြီလို့ ထရမ်ဘ်လေက ပြောဆိုခဲ့ပြီး သီတင်းပတ်တွေအတွင်း မဟုတ်ဘဲ ရက်ပိုင်းအတွင်း ချက်ချင်းအရေးယူဖို့ တောင်းပါတယ်။
ပြီးတော့ ဒီကပ်ဘေးအခြေအနေတွေကို ရှောင်လွှဲနိုင်ဖို့ ဒီပဋိပက္ခမှာ တိုက်ရိုက်ပါဝင်နေတဲ့သူတွေရော ဒီဖြစ်ရပ်အပေါ် သြဇာလွှမ်းမိုးမှုရှိသူအားလုံးကပါ ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်လို့လည်း ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေ တိုးတက် ကောင်းမွန်လာစေဖို့ အမေရိကန်က အစ္စရေးကို ပေးထားတဲ့ နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ ရက်ပိုင်းအလိုမှာ ဒီသတိပေးချက် ထွက်လာတာပါ။
တကယ်လို့ မလှုပ်ရှားခဲ့ရင် အစ္စရေးဟာ အမေရိကန်ရဲ့ စစ်ရေးအကူအညီအပေါ် ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာ အစ္စရေးမစ်ရှင်ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း မတုံ့ပြန်သေးပါဘူး။
Source: Reuters