ဂါဇာမှာ အစ္စရေးက လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်လို့ ဆော်ဒီအာရေဗျ အိမ်ရှေ့စံမင်းသား မိုဟာဘက် ဘင်ဆဲလ်မန်က စွပ်စွဲလိုက်ပါတယ်။
အာရပ်အစ္စလာမ်မစ် အထူးထိပ်သီးညီလာခံကို ရီယာ့ဒ်မြို့တော်မှာ လက်ခံကျင်းပနေတဲ့အချိန် ဆော်ဒီရဲ့ အာဏာအရှိဆုံးပုဂ္ဂိုလ်က အခုလို အပြင်းထန်ဆုံး လူသိရှင်ကြား ဝေဖန်တာလည်း ဖြစ်ပါတယ်။
အီရန်မြေကို မတိုက်ခိုက်ဖို့လည်း အမ်ဘီအက်စ်လို့ အတိုကောက်ခေါ်ကြတဲ့ အိမ်ရှေ့စံက သတိပေးခဲ့ပါတယ်။ အနောက်ဘက်ကမ်းနဲ့ ဂါဇာ ကနေ အစ္စရေးတပ်တွေ အပြီးတိုင်ဆုတ်ခွာဖို့ ဆော်ဒီနဲ့ တခြားခေါင်းဆောင်တွေက ပူးပေါင်းတောင်းဆိုခဲ့ကြပါတယ်။
အစ္စရေး သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းနယ်မြေတွေနဲ့ လက်ဘနွန်မှာ အစ္စရေး ထိုးစစ်ဆင်နေတဲ့ ကိစ္စကို ဆွေးနွေးဖို့ ဆော်ဒီဘုရင်နဲ့ အိမ်ရှေ့စံရဲ့ ဖိတ်ကြားချက်အရ အခုထိပ်သီးဆွေးနွေးပွဲကို နိုဝင်ဘာ ၁၁ ရက်မှာ စတင်ကျင်းပနေတာ ဖြစ်ပါတယ်။
ဂါဇာစစ်ပွဲ မရပ်တန့်နိုင်တာဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပျက်ကွက်မှုပဲလို့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သလို ဂါဇာမှာ အငတ်ဘေးဆိုက်အောင် အစ္စရေးက တမင်လုပ်နေတယ်လို့ပါ ဝေဖန်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တပ်ဖွဲ့တွေ အစ္စရေးတောင်ပိုင်းကို ဝင်တိုက်ခဲ့ရာကနေ ဂါဇာစစ်ပွဲ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဟားမတ်စ်အဖွဲ့က လူ ၁,၂၀၀ ကျော် သတ်ဖြတ်ခဲ့ပြီး ၂၅၁ ဦးကို ဓားစာခံအဖြစ် ဂါဇာကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
အစ္စရေးက လက်တုံ့ပြန်တဲ့အနေနဲ့ ဟားမတ်စ်အဖွဲ့ကို ချေမှုန်းဖို့ဆိုပြီး ဂါဇာကို မြေလှန် တိုက်ခိုက်ခဲ့ရာမှာ ပါလက်စတိုင်း ၄၃,၄၀၀ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ အစီရင်ခံစာအရ သေဆုံးသူ ၇၀ ရာခိုင်နှုန်းနီးပါးဟာ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
Source: Reuters