လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တောင်ပိုင်းဆင်ခြေဖုံးတွေကို အစ္စရေးက နိုဝင်ဘာ ၉ ရက်ညက ညလုံးပေါက် အကြိမ်တဒါဇင်ကျော် တိုက်ခိုက်ခဲ့ပါတယ်။
လက်ဘနွန်မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၉ ဦးထက်မနည်း သေဆုံးပြီး ၉၁ ဦး ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့က ပြောပါတယ်။
ဟစ်ဇ်ဘိုလာတွေနဲ့ ဆက်နွှယ်နေတဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့တယ်လို့ အစ္စရေးက ပြောပြီး ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးတွေမှာ နိုဝင်ဘာ ၈ ရက် ညနေပိုင်းကလည်း ပေါက်ကွဲမှု အများအပြားဖြစ်ပွားခဲ့ပါတယ်။
အစ္စရေးနဲ့ အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတို့ဟာ ဂါဇာစစ်ပွဲနဲ့ အပြိုင် တနှစ်ကျော်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပေမယ့် စက်တင်ဘာနှောင်းပိုင်းကစပြီး တိုက်ပွဲတွေ ပြင်းထန်လာတာပါ။
အစ္စရေးဟာ စက်တင်ဘာလနှောင်းပိုင်းကစပြီး လက်ဘနွန်မှာ လေကြောင်းစစ်ဆင်ရေးကို အရှိန်မြှင့်ခဲ့လို့ ဟဇ်ဘိုလာအကြီးအကဲ ဟက်ဆန် နက်စ်ရာလာနဲ့ တခြားတပ်မှူးတွေ သေဆုံးခဲ့ပါတယ်။
လက်ဘနွန်ရဲ့ တောင်နဲ့ အရှေ့ဘက်ကို အစ္စရေးတပ်တွေက ဗုံးကြဲတိုက်ခိုက်ပြီး နယ်ခြားရွာတွေကိုလည်း မြေပြင်ကနေ ကျူးကျော်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး အစ္စရေးက လက်ဘနွန်နိုင်ငံတွင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ စုစုပေါင်း၃,၁၃၆ ဦးအထိ မြင့်တက်လာပြီး ၁၃,၉၇၉ ဦး ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အစ္စရေးတပ်တွေဟာ အောက်တိုဘာ ၁ ရက်မှာ လက်ဘနွန်တောင်ပိုင်းဆီ မြေပြင်ကနေ ကျူးကျော်ဝင်ရောက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပါတယ်။
Source: Reuters