လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တောင်ပိုင်းကို အစ္စရေး တိုက်ခိုက်မှုအတွင်း တိုက်ခန်းအဆောက်အအုံတစ်ခုကို ထိမှန်ပျက်စီးခဲ့တာကြောင့် လူ အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့ရကြောင်း ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
နိုဝင်ဘာ ၆ ရက်မှာ ကယ်ဆယ်ရေးသမားတွေဟာ အဆောက်အအုံ အပျက်အစီးတွေအောက်မှာ အလောင်းတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေကြပါတယ်။
လူ ၁၄ ယောက် ဒဏ်ရာရရှိခဲ့ပေမဲ့ သေဆုံးသူဦးရေ တိုးလာနိုင်သေးတယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
နိုဝင်ဘာ ၅ ရက် ညနေပိုင်းက ဘစ်ရ်ဟာမြို့ကို တိုက်ခိုက်မှုကြောင့် တောင်ကုန်းပေါ်ရှိ အထပ်မြင့် တိုက်ခန်းအဆောက်အဦကို ထိမှန်ခဲ့ပြီးတော့ ကြမ်းပြင်ရဲ့အပိုင်းတွေ ပြတ်ထွက်ခဲ့ကာ အတွင်းနံရံတွေနဲ့ လှေကားတွေလည်း ပေါ်လာပါတယ်။
ဒီတိုက်ခိုက်မှုဟာ အစ္စရေးစစ်တပ်နဲ့ တိုက်ပွဲတွေ တနှစ်ကျော်ကြာအောင် ဖြစ်ပွားနေတဲ့ လက်ဘနွန် လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာမှ အဖွဲ့ဝင်တယောက်ကို ပစ်မှတ်ထားခဲ့တာ ဟုတ်၊ မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လေကြောင်းတိုက်ခိုက်မှုမတိုင်ခင်မှာ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ သတိပေးချက်လည်း ထုတ်ပြန်ခဲ့တာ မရှိပါဘူး။
အစ္စရေးဟာ လက်ဘနွန် နိုင်ငံတဝန်းမှာ သူ့ရဲ့လေကြောင်း စစ်ဆင်ရေးကို အရှိန်မြှင့် လုပ်ဆောင်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်ကနေ လက်ဘနွန်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုတွေမှာ လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုဟာ ပြီးခဲ့တဲ့ ၆ ပတ်အတွင်းက သေဆုံးခဲ့ကြတာဖြစ်ပါတယ်။
Source: Reuters