အစ္စရေး၀န်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုဟာ သူ့ရဲ့ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ်ကို နိုဝင်ဘာ ၅ ရက်မှာ ရာထူးမှ ထုတ်ပယ်လိုက်ပြီး ၀န်ကြီးချုပ်ရုံးခန်းက အများသိထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာတော့ ယုံကြည်မှုဆိုင်ရာပြဿနာကြောင့်လို့ အခိုင်အမာ ပြောထားပါတယ်။
နေတန်ယာဟုဟာ နိုင်ငံခြားရေးဝန်ကြီး အစ္စရေးလ် ကတ်ဇ်ကို ဂါလန့်ထ်ရဲ့နေရာကို ဆက်ခံမယ့် ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး လစ်လပ်သွားတဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာကိုတော့ ဂီဒီယွန် ဆားကို ခန့်အပ်လိုက်ကြောင်း နေတန်ယာဟုရဲ့ ရုံးခန်းက ထုတ်ပြန်ထားပါတယ်။
ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ်ကလည်း ဝန်ကြီးချုပ်ဟာ ညနေပိုင်းမတိုင်ခင် မိနစ် အနည်းငယ် အလိုလောက်မှ ဒီစစ်ပွဲကာလကြီးအတွင်းမှာ သူ့ကို ကာကွယ်ရေးဝန်ကြီးအဖြစ်မှ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်းကို အသိပေးလာခဲ့တယ်လို့ နို၀င်ဘာ ၅ ရက်မှာ ပြောပါတယ်။
ဒီထုတ်ပယ်မှုက ကိစ္စသုံးရပ်အပေါ် သဘောထားကွဲလွဲမှုတွေကြောင့် ဖြစ်ပေါ်လာတာပါ လို့လည်း ဂါလန့်ထ်က ဆိုပါတယ်။
ပထမတချက်ကတော့ IDF (အစ္စရေးကာကွယ်ရေးတပ်ဖွဲ့) မှာ တာဝန်ထမ်းဆောင်ပြီး အစ္စရေး နိုင်ငံကို ကာကွယ်ရဖို့ အကြမ်းဖျင်း အသက်အရွယ်ကြီးရင့်သူတိုင်းလည်း ပြင်ဆင်ထားရမယ် ဆိုတဲ့ ပြတ်သားတဲ့ ရပ်တည်ချက်ဖြစ်ပါတယ်လို့လည်း သူက ပြောပါတယ်။
အစ္စရေး နတ်ဆတ်လွှတ်တော်မှာ ခွဲခြားဆက်ဆံမှုရှိပြီးတော့ အကျင့်ပျက်ခြစားတဲ့ ဥပဒေ တရပ်ကို တင်သွင်းခွင့် မပြုကြောင်းနဲ့ ထောင်ပေါင်းများစွာသော နိုင်ငံသားတွေကို နိုင်ငံဝန်း ထမ်းပိုးခြင်းကနေ ကင်းလွတ်ခွင့် မပြုဘူးလို့လည်း ဆိုပါတယ်။
ဒီအချိန်မှာ ကျဆုံးသွားသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေ၊ ဒဏ်ရာရသူတွေနဲ့ မသန်စွမ်းသူတွေ၊ ဓားစာခံတွေနဲ့ သူတို့ရဲ့ မိသားစုတွေ၊ IDF တိုက်ခိုက်ရေးသမားတွေကို ဘယ်နေရာမှာပဲရှိရှိ ယုံယုံကြည်ကြည်နဲ့ အလေးပြုပါကြောင်းလည်း ဂါလန့်က ပြောသွားပါတယ်။
လက်ယာယိမ်း လီကွတ်ပါတီဝင်တွေ ဖြစ်ကြတဲ့ ဂါလန့်ထ်နဲ့ နေတန်ယာဟုတို့ဟာ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ ဂါဇာမှာ အစ္စရေးရဲ့ ၁၃ လကြာ စစ်ပွဲရဲ့ ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး လအတော်ကြာ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိခဲ့တာပါ။
သူတို့ ၂ ဦးကြား ပွင့်လင်းတဲ့ သဘောထားကွဲလွဲမှုတွေ ရှိလာခဲ့ပြီး တိုက်ပွဲတွေကို အဆုံးသတ်ဖို့နဲ့ ဟားမတ်စ် ဖမ်းဆီးထားတဲ့ ဓားစာခံအများအပြားကို အိမ်ပြန်ပို့ပေးနိုင်မယ့် သဘောတူညီချက်တခု ရရှိဖို့ အချိန်တော်တော်ကြာ လိုလားနေတဲ့ စစ်တပ်နဲ့ အစ္စရေးရဲ့ လက်ယာယိမ်း အာဏာရ ညွန့်ပေါင်းအဖွဲ့ အကြားမှာ ပိုကျယ်ပြန့်တဲ့ အကွဲအလွဲတွေ ရှိလာခဲ့တာဖြစ်ပါတယ်။
စစ်ပွဲဟာ ပြတ်သားတဲ့ ဦးတည်ချက် မရှိဘူးလို့ ဂါလန့်ထ်က ပြောကြားခဲ့ပြီးတော့ နေတန်ယာဟု ကလည်း ဂါဇာရှိ ဟားမတ်စ်အဖွဲ့နဲ့ စစ်ရေးအဖွဲ့တွေကို သုတ်သင် ရှင်းလင်းမှု မပြီးမချင်း တိုက်ပွဲ တွေ မရပ်စဲနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
လက်ယာစွန်း ညွန့်ပေါင်း မိတ်ဖက်တွေရဲ့ ဖိအားပေးမှုအောက်မှာ နေတန်ယာဟုဟာ ဂါလန့်ထ်ကို ဖြုတ်ချဖို့ စဉ်းစားနေကြောင်း စက်တင်ဘာလတုန်းက သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
နေတန်ယာဟုရဲ့ ဝေဖန်သူတွေကတော့ အစ္စရေးဟာ အီရန်ကို အောက်တိုဘာ ၂၆ ရက်က လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ပြီး လက်တုံ့ပြန်ဖို့ ကြိုးစားနေချိန်မှာပဲ ဂါလန့်ထ်က အမျိုးသားလုံခြုံရေးထက် နိုင်ငံရေးကို ရှေ့တန်းတင်နေတာ လို့ စွပ်စွဲခဲ့ကြပါတယ်။
အင်္ဂါနေ့က ဂါလန့်ထ်ကို ရာထူးထုတ်ပယ် အပြီးမှာ တဲလ်အဗစ်မြို့တော်နဲ့ အစ္စရေးရဲ့ တခြားနေရာ တွေမှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
Source: Reuters