၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်ကတည်းက အခုထိ အစ္စရေးက လက်ဘနွန်ကို လေကြောင်းကနေ တိုက်ခိုက်လို့ သေဆုံးသူ ၂,၉၈၆ ယောက် ရှိလာခဲ့ပြီး ဒဏ်ရာရရှိသူ ၁၃,၄၀၀ ကျော်အထိ မြင့်တက်လာခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဟစ်ဇ်ဘိုလာရဲ့ ဒုံးကျည်နဲ့ ဒုံးပျံစစ်ဆင်ရေးတွေကို ကြီးကြပ်ကွပ်ကဲတဲ့ နတ်ဇားတပ်ဖွဲ့က တပ်မှူး ဂျားဖာ ခါဒါ ဖာရိုကို သတ်ခဲ့တယ်လို့ အောက်တိုဘာ ၂ ရက်က ပြောပါတယ်။
လက်ဘနွန်တောင်ပိုင်း ယက်ဝါယာရွာမှာ အစ္စရေးလေတပ် တိုက်လေယာဉ်တစင်းက ဖာရိုကို ပစ်မှတ်ထားပြီး လေကြောင်းကနေ အတိအကျ တိုက်ခိုက်ခဲ့လို့ သေဆုံးသွားပြီလို့ IDF က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဟဇ်ဘိုလာတွေရဲ့ နတ်ဇားတပ်က ဒရုန်းစစ်ဆင်ရေးရဲ့ နောက်ထပ် တပ်မှူးတယောက်လည်း လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တယ်လို့ IDF က ပြောပါတယ်။ ဟစ်ဇ်ဘိုလာကတော့ ဒီကိစ္စကို မှတ်ချက်မပေးပါဘူး။
ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း လက်ဘနွန်တောင်ပိုင်းက အစ္စရေးပစ်မှတ်တွေ၊ အစ္စရေးက သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်တွေနဲ့ အစ္စရေးမြောက်ပိုင်းက ရွာအများအပြားကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ နိုဝင်ဘာ ၂ ရက်က ပြောပါတယ်။
ဒါ့အပြင် ဟစ်ဇ်ဘိုလာက တဲလ်အဗစ်မြို့တောင်ဘက်က အစ္စရေးလေတပ်အခြေစိုက်စခန်းကို ပစ်မှတ်ထားပြီး မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်တဲ့အပြင် အစ္စရေး မြောက်ပိုင်း ဟိုင်ဖာအနားက အစ္စရေးစစ်စခန်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
လက်ဘနွန်ကနေ ပစ်လွှတ်တဲ့ ဒုံးကျည်အစင်း ၃၀ လောက်ကို အစ္စရေးစစ်တပ်က နိုဝင်ဘာ ၂ ရက်မှာ တွေ့ရှိခဲ့ပြီး အများစုကို လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်ဟန့်တားခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့ပြီး အသေအပျောက်နဲ့ ပတ်သက်ပြီးတော့ ဖော်ပြမထားပါဘူး။
Source : Reuters